part 10 ( မြတ်နိုးပေမဲ့ မနှစ်သက်ဘူး)

286 33 2
                                    

Unicode & Zawgyi

(Unicode)

ယိမ်းနွဲ့နေသည့် ပန်းပင်သွဲ့သွဲ့ကြားမှာ ပြာဖျော့ဖျော့ ဝတ်ရုံရှည်လေးကို ဆင်မြန်းလျှက် နှုတ်ခမ်းပေါ်၌ ကြည်နူးပြုံးလေး ခြယ်သ ထားသည့် မိန်းမပျိုလေးတစ်ဦးသည်ကား တလှုပ်လှုပ်ဖြင့် လက်ထဲ၌ မြေတူးပေါက်ပြားငယ်လေး ကို ကိုင်ရင်း အလုပ်ရှုပ်လို့နေ၏။

မြေကြီးတို့ကို အနည်းငယ် ပေါက်စွရင်း ပန်းပင်အချို့ ပြန်လည်စိုက်ပျိုးလို့နေချေသည်။

ထိုမိန်းမပျိုမှာ မရိုးမဆန်း ဆင်ယင်ထုံးဖွဲ့ထားပြီး သင့်တင့်သည့် ကိုယ်ဟန်မူယာ ရှိသည်။

"အားခွမ်..."

တစ်ဦးတစ်ယောက်၏ ခေါ်လာသည့် အသံကြောင့် ပန်းခြုံထဲက အလုပ်ရှုပ်နေသည့် အကောင်ငယ်လေးမှာ အသံလာရာ
လှည့်ကြည့်လာသည်။

"မမ..."

သာယာနာပျော်ဖွယ် အသံလေးက တိုးပေါက်လို့ ထွက်လာ၏။

အပြစ်ကင်းစင်သည့် မျက်ဝန်းတို့က အရောင်တို့ လင်းလက်နေသည့်အလား ဝိုင်းစက်ကာ လှပနေ၏။

မုခယ်ခွမ်ကျန်း။ ထိုအမျိုးသမီးငယ်လေးကား ကြင်ယာတော်လေးပါးအနက် တစ်ပါးဖြစ်၏။ မုခယ်မျိုးနွယ်၏  အလှဂုဏ်က ထပ်ညွှန်းစာဖွဲ့စရာလိုအံ့မထင်။

"မမ ဒီကို ကိစ္စ ရှိလို့လား..."

"မရှိပါဘူး...ဒီအတိုင်း အားခွမ် ဆီ လာလည်တာ...မရဘူးလား..."

ရင့်ကျက်တည်ငြိမ်နေသည့် မျက်နှာလေးဆီက အပြုံးတစ်စနဲ့အတူ စကားသံတို့ ထွက်ကျလာသည်။

"ရတာ..."

"အဟမ်း..."

ဘေး၌ ရှိနေသည့် အစေခံ မိန်းကလေးက သူ့ရှေ့၌ ရှိနေသည့် သူကို ခေါင်းငုံ့အရိုအသေ ပေးနေရင်းကနေ သခင်ဖြစ်သူကို ချောင်းဟန့်ကာ သတိပေးလာ၏။

မုခယ်ခွမ်ကျန်း အလိုမကျဖြစ်စွာ ထိုအစေခံ မိန်းကလေး ထံ ပြန်လှည့်ကြည့်၏။

"ဘာဖြစ်လို့လဲ..."

"သခင်မ... ဧကရီကို ဂါဝရပြု  နှုတ်ဆက်ရမယ်လေ..."

ထိုအခါမှ မုခယ်ခွမ်ကျန်း မှာ သတိရသွားဟန်ဖြင့် ထိတ်ထိတ်ပြာပြာ အလျင်စလို
ဂါဝရပြုလာသည်။

ဧကရီ မဟုတ်တဲ့ ဧကရီ Where stories live. Discover now