Unit 11

64 10 4
                                    


" ချော ငါ့မှာ ငါးရံ့ခြောက်ဖုတ် ပါလာတယ်၊ စားကြည့် ရော့"

ချော ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် ထမင်းဖြူဖြူ ပေါ်သို့ ဆီစမ်းထားသည့် ငါးခြောက်များက ရောက်ရှိလာပြီ ဖြစ်သည်။

ယခုဆို စိမ်းနှင့် အဖွဲ့ကျသည်မှာ တစ်လ နီးပါးပင် ရှိရော့ပြီ။

တစ်နည်းအားဖြင့် ဆိုရသော် မျက်နှာကြောတင်းသည့် ချောသည် စိမ်းအတွက် ဒိုင်းကာကြီး ဖြစ်ခဲ့သည်မှာ တစ်လနီးပါးပင် ရှိပြီ ဖြစ်သည်။

ဤဒိုင်းကာကြီးကြောင့် စိမ်းမှာ စိတ်အေးလက်သာ ရှိလှသော်လည်း မတုန်မလှုပ် ရှိတတ်သည့် ဒိုင်းကာကြီးမှာတော့ ဘယ်ပုရိဿက  ဘယ်နေ့ ချောင်းရိုက်လေမလဲ ဟု တစ်နေ့တစ်နေ့ တွေးရင်း မထိတ်သာ မလန့်သာ ရှိလှသည်။

ထိုမျှလောက်လေးဆိုလျှင် ချော သည် မမှုတတ်သော်လည်း  ဣတ္ထိယများကပင် စိမ်း၏ ပီယဓာတ်အား ချောက မနာလိုရှုစိမ့်၍ လုပ်နေခြင်း ဖြစ်သည်ဟု ကောက်ချက်ချကြပြန်သည်။

ဤသို့ဖြင့် လူကြမ်း ကံဇာတာ ပါဟန်တူသည့် ချောသည် ကိုယ့်ဇာတ်တွင် ဘီလူးဆိုင်းတီးရတာ အားမရ၍ သူများဇာတ်တွင်ပါ ကိုယ်စား၀င်တီးပေးရပြန်သည်။

ချော၏ ထမင်းချိုင့်အတွင်းသို့ ဟင်းများ ဖောဖောသီသီ ထည့်ပေးနေသည့် စိမ်းအား ကြည့်လိုက်သည်။ သနပ်ခါးရေကျဲသာ လိမ်းခြယ်ထားသည့် စိမ်း၏ မျက်နှာလေးသည် ၀င်းမွတ်နေသည်။ စိတ်ရင်းခံသည် မျက်နှာတွင် ရောင်ပြန်ဟပ်တတ်သည့် သဘောမှာ မှန်ကန်လွန်းလှသည် ဟု ထင်မြင်မိသည်။

နဂိုထဲကမှ ရုပ်သဘောဖြင့် လှပသည့် မျက်နှာလေးအား စိတ်၏ အကြည်ဓာတ်လေးက လွှမ်းခြုံလိုက်သည့်အခါ တကယ်ကို တစိမ့်စိမ့် ကြည့်လိုဖွယ်လေး ဖြစ်လာသည်။

ထို့အပြင် ‌‌စိမ်း၏ ဖယောင်းပန်းလေး သဖွယ် နုနယ်အားနည်းသဏ္ဍာန် ကလဲ ပုရိဿများအား ကာကွယ်လိုစိတ်တစ်ဖက်၊ ရယူလိုစိတ် တစ်ဖက်ဖြင့် ဗျာများစေနိုင်သည်။

သို့ပေမဲ့ စိမ်းသည် ရိုးမလိုနှင့် ဆန်းလှသည့် လူများထဲမှ တစ်ယောက်ဖြစ်သည်။ အထူးသဖြင့် ‌စိမ်း၏ ဦးနှောက် အလုပ်လုပ်ပုံသည် အနည်းငယ် မူမမှန်လှ။

QuarkWhere stories live. Discover now