Unit 4

126 12 2
                                    

ချော မနေ့ညက နွယ့်ကို အိမ်မက်မက်ခဲ့သည်။

ဓာတ်ပုံထဲက အတိုင်း တစ်ပတ်လျှိုဆံထုံးလေးထက်တွင် မြတ်လေးပန်း တစ်ခက်ကို ပန်ထားဆဲ ဖြစ်သော နွယ်သည် ဒီတခါ ဖက်ဖူးရောင် ၀မ်းဆက် ၀တ်စုံကို ၀တ်ဆင်ထားသည်။

နွယ့်၏ ညိုစိမ့်စိမ့် အသားရေနှင့် ဖက်ဖူးရောင်မှာ အံ့အားသင့်စရာ ကောင်းလှအောင်ပင် လိုက်ဖက်လွန်းရုံသာမက နွယ့်ကိုပါ ပိုမိုနုငယ်လာအောင် ထောက်ပံ့ပေးထားသေးသည်။

တစိမ့်စိမ့် ကြည့်ရှုလေလေ နွယ်၏ ရုပ်ရည်မှာ သာမန်သာ ဖြစ်ကြောင်း ပိုမို ပေါ်လွင်လာလေ ဖြစ်သော်လည်း မျက်တောင်တခတ်စာ အကြည့်လွှဲဖို့ကိုပင် နှမြောတသဖြစ်မိပြန်သည်။

စန္ဒရားခလုတ်ထက်သို့ နွယ့်၏ ရှည်သွယ်သော လက်ချောင်းကလေးများ သက်ဆင်းသွားသည်နှင့် တပြိုင်နက် နွယ့်မျက်၀န်းများ မှိတ်ကျသွားသည်။

‌နွယ့်‌လက်ချောင်းကလေးများ လှုပ်ရှားမှုအတိုင်း ထွက်ပေါ်လာသော သံစဉ်မှာ တခါတရံ ငိုညည်းသံနှင့် ဆင်တူသလို တခါတရံ နာကျင်မှုကြောင့် လှိုက်တက်လာသော အော်သံ နှင့် ဆင်ပြန်သည်။

သံစဉ်အတိုင်း ယိမ်းနွဲ့နေသော နွယ်၏ ကိုယ်လုံးလေးမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်ဟူသော ကာလသုံးပါး စလုံးနှင့် ကင်းလွတ်နေဟန်ရှိသည်။

တဖြည်းဖြည်း သွက်လို့လာသော သံစဉ်လေးသည် အားမာန်အပြည့်ဖြင့် ‌ဟစ်အော်နေသော အသံအဖြစ်သို့ ပြောင်းလဲလာသည်။

နွယ့် လက်ချောင်းလေးများ စန္ဒရားခလုတ်ပေါ်တွင် ပိုမို လျင်မြန်လာလေလေ နွယ့်ကိုယ်လုံးလေးသည်လည်း သံစဉ်အတိုင်း ပိုမိုယိမ်းနွဲ့လာလေလေ ဖြစ်သည်။

တိကနဲ ရပ်ကျသော သံစဉ်အဆုံးတွင် နွယ့်ကိုယ်လုံးလေးသည် တဟုတ်မုတ်ချင်း ငြိမ်သက်သွားသလို ဆံနွယ်ထက်မှ မြတ်လေးပန်းခိုင်သည်လည်း ကြမ်းပြင် ထက်သို့ ပြုတ်ကျသွားသည်။

နွယ်သည် ထိုပန်းခိုင်ကို ပြန်မကောက်ဘဲ တွေတွေကြီး ငေးမောနေသည်။

တခဏကြာ ငေးမောနေပြီးနောက် ထိုပန်းခိုင်လေးကို ငဲ့ပင်မကြည့်ဘဲ ကျောခိုင်းကာ ထွက်သွားသည်။

QuarkWhere stories live. Discover now