Unit 14

24 2 0
                                    

နေတစ်ပြိုက်၊ မိုးတစ်ပြိုက် ရာသီဥတုသည် အပူချိန်အား နှစ်ဆတိုးစေသည်။ ရာသီဥတု၏ အပူဒဏ်နှင့် ရင်တွင်းမှ အပူဒဏ် နှစ်ခုပေါင်းလိုက်သည့်အခါ စာမေးပွဲခန်းမှ ထွက်လာသည့် ကျောင်းသားကျောင်းသူများမှာ လေတိုက်လျှင်တောင် လွင့်ပါတော့မည့်ပုံနှယ် မျော့မျော့လေးသာ ကျန်ရစ်ခဲ့ကြတော့သည်။

ပထမနှစ်ဝက်စာမေးပွဲသာ ဖြစ်သော်လည်း ပထမဆုံးအကြိမ်အဖြစ် တကယ့်စာမေးပွဲကြီးနှင့် ဆင်တူသည့် ၃နာရီမေးခွန်းအား ဖြေဆိုရသည်ဖြစ်၍ ကျောင်းဂိတ်ပေါက်တွင် လာရောက် ကြိုဆိုကြသည့် မိဘများမှာ လူပင်လယ်ကြီးနှင့် တူလှသည်။

စိမ်းကိုတော့ ကျောင်းပိတ်ရက်ရှည်ရထားပြီ ဖြစ်သည့် သစ်သစ်ကပင် လာကြိုပေးပြီး ချောကတော့ တကူးတက မမျှော်လင့်နေတတ်တော့။

"ငါ နောက်ဆုံး အပုဒ်ကို ဖြေလို့မမှီခဲ့ဘူး"

စိမ်းအသံမှာ ခပ်အက်အက်။ စိမ်းသည် စာအလွန်တော်သူများထဲတွင်တော့ မပါသော်လည်း သူ့ဘာသူ ဖြေးဖြေးမှန်မှန် အရှိန်လေးနှင့် သွားနေသည့် သူ ဖြစ်သဖြင့် ဆရာ၊ဆရာမ များ မျှော်မှန်းထားသည့် အထဲတွင်တော့ ပါဝင်သူ တစ်ယောက်ဖြစ်သည်။

"နင်က စဉ်းစားလို့မရတဲ့ ပုစ္ဆာတွေမှာ အချိန်အများကြီး သွားဖြုန်းလိုက်တာကိုး။ စာမေးပွဲဆိုတာလဲ ဖြေရုံနဲ့ မပြီးဘူး၊ ကိုယ့်အတွက် အကျိုးများတဲ့ဟာကိုလဲ ခွဲခြားတတ်ရသေးတယ်"

အပုဒ်ကြီး တစ်ပုဒ်သာ ဖြေနိုင်လာသည့် ချောက တစ်ပုဒ်သာ မဖြေနိုင်ခဲ့သည့် စိမ်းအား ဆရာဝင်လုပ်လိုက်သည်။ 

"ဉာဏ်မှ မရှိတာကိုး ခံပေါ့"

သစ်သစ်က ဝင်ပြောလိုက်သည့် အခါ စိမ်းမှာ ငိုမဲ့မဲ့လေး ဖြစ်လာပြန်သည်။ 

"ဖြေပြီးတဲ့ဟာကို စိတ်ထဲမထားနဲ့တော့။ အခုဖြစ်တဲ့ဟာကို နောက်စာမေးပွဲတွေအတွက် သင်ခန်းစာယူလိုက်။ ကဲ ဒီနေ့ အတန်းလဲ တက်စရာ မရှိဘူး ဟုတ်လား၊ ငါ အအေးဝယ်တိုက်မယ်"

သစ်သစ်သည် နှမဖြစ်သူ မျက်နှာကလေး နွမ်းနေတော့လည်း မကြည့်ရက်နိုင်ဟန် ဖြစ်သည်နှင့် တူပါသည်။ 

QuarkWhere stories live. Discover now