အလင်းရောင်ဟူသည် ရှင်းလင်းပြတ်သားသော မြင်ကွင်းကိုသာ ပံ့ပိုးလေ့ရှိသော်လည်း ဤအခန်းငယ်လေးအတွင်းရှိ မီးအလင်းရောင်ကတော့ ရှိနေပြီးသား ရှင်းလင်းပြတ်သားမှုကိုပင် ဖုံးကွယ်လိုဟန်ရှိသည်။
အလင်းနှင့် အမှောင် အချိုးကျကျ ယှဉ်တွဲတည်ရှိနေသည့် ဤလောကကြီးတွင် ဟိုမရောက်၊ ဒီမရောက် ဤကဲ့သို့ ပျိုးပျိုးပျက်ပျက် မီးအရောင်အောင်တွင် ပျော်မွေ့နေသူများလဲ ရှိသည်။
"အဖြူရဲ့ ဆန့်ကျင်ဘက်က အမည်းပဲလို့ ကိုယ်ထင်ခဲ့တယ် ချော။ ဒါကြောင့်လဲ ကိုယ့်ဘ၀ဟာ ဘာအရောင်မှ မရှိ၊ ဘာအဓိပ္ပါယ်မှ မရှိတဲ့ ဗလာသက်သက်ကြီး ဖြစ်ခဲ့တာ။"
ဆယ်စုနှစ် သုံးခုကျော်လောက် ဆိုသည့် အချိန်ရေစီးကြောင်း၏ တိုက်စားခြင်းကြောင့် ပြောင်းလဲသွားခဲ့သည့် ဘ၀ကိုယ်စီနှင့် သူငယ်ချင်း နှစ်ယောက်၏ ပြန်လည်တွေ့ဆုံခန်း၏ နိဒါန်းစကားသည် ထိုစကားဖြစ်လိမ့်မည်ဟု သူမ တခါမှ မမျှော်လင့်ခဲ့ဖူးပါ။
သူမနှင့် မလှမ်းမကမ်းရှိ ကောင်လေးတစ်ယောက်၏ ရင်ခွင်ထဲတွင် နစ်မြုပ်နေသည့် သူမ သူငယ်ချင်းဖြစ်သူ စိမ့်၏ အရှက်အကြောက် အလွန်ကြီးသော ကောင်မလေးတစ်ယောက်ဖြစ်ခဲ့ဖူးသည့် အတိတ်နေ့ရက်များမှာ ကြားရသူအဖို့ ယုံတမ်းစကားသဖွယ် ဖြစ်နိုင်သည်။
ပျော်နေပုံရသည့် စိမ့်ရဲ့ ရယ်သံတခစ်ခစ်ကို ကျယ်လောင် လှသော သီချင်းသံတွေကြားမှာတောင် တခါတခါ ကြားရတတ်သည်။
"လူ့ဘ၀သက်တမ်းက အရမ်းတိုလွန်းတယ် ချော။ အဲ့ဒီ သက်တမ်းတိုတို လေးထဲမှာ သူများတွေ သနားလာဖို့အရေး ကိုယ်က တချိန်လုံး ပူဆွေးပြနေရမှာလား။
သူလဲ သူပျော်ရာကို သူရှာတယ်၊ ကိုယ်လဲ ကိုယ်ပျော်ရာကို ကိုယ်ရှာမယ်။ တကယ်တော့ လောကကြီးမှာ နေတတ်ဖို့ပဲ လိုတယ်မဟုတ်လား။"
လွန်ခဲ့သည့် နှစ်ရက်လောက်က စိမ့်၏ စကားများကို ပြန်ကြားယောင်မိတော့ သူမ ဝိုင်ခွက်ကို လက်ဖြင့် လှည့်နေရင်းမှ ပြုံးမိသည်။
သူမ တစ်ယောက်ထဲ အတွေးလွန်စဉ်မှာပင် သူမတို့ အရှေ့တွင်စည်းမကိုက် ဝါးမကိုက် သီဆိုအော်ဟစ်နေခဲ့သော စုံတွဲ၏ သီဆိုဖျော်ဖြေမှုသည် ပြီးဆုံးသွားလေပြီ။
YOU ARE READING
Quark
Randomတကယ်တော့ လူသားတွေဆိုတာ စကြာ၀ဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ... Zawgyi တကယ်တော့ လူသားတွေဆိုတာ စကြာဝဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ...