Unit 8

209 24 2
                                    

မိုးသား ခပ်ဖွဲဖွဲကြောင့် မြေသင်းရနံ့တို့သည် ထောင်းကနဲ သင်းပျံ့လာသည်။

အေးစက်စက် မုတ်သုံလေ တဖန်ပြန်မြူးချိန်တွင် ချော သည်လည်း အထက်တန်း ကျောင်းသူကြီး ဖြစ်ခဲ့ပြီ။

ဂုဏ်ပုဒ်သာ ကြီးသွားသော်လည်း မအောင်မနေရ စနစ်ကြောင့် တစ်နှစ် တစ်တန်း တရွတ်တိုက် ဆွဲလာသော ချော အတွက် ‌သင်ခန်းစာများသည် ပျင်းရိဖွယ်ရာ အရာများထဲက တစ်ခုထက်ပို၍ မထူးခြားလာခဲ့ပါ။

ချောတို့ မြို့ငယ်လေး၏ မိုးဓလေ့မှာ မိုးရနံ့သင်းရုံလေးသာ ရွာတတ်သော်လည်း မိုးသားမိုးလိပ်များကတော့ ကောင်းကင် တစ်ခုလုံးအား ရက်အတန်ကြာအောင် မောင်ပိုင်စီးထားတတ်သည်။

ယခုလဲ မိုးပြေးလေး တစ်ကျော့လောက်သာ ရွာသွန်းထားသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးသည် ညဉ့်ဦးယံသဖွယ် မည်းမှောင်လျက် ရှိသည်။

"မမေ့နိုင်သော နေ့တစ်နေ့" ဟူသော ခေါင်းစဉ်သာ တပ်ရသေးသည့် စာမျက်နှာထက်‌သို့ ဘောပင်အား‌ စီးချက်မှန်မှန် တောက်ကစား လိုက်သည်။

ချောတို့၏ မြန်မာစာ ဆရာမသည် ဘယ်လိုစိတ်ကူးနှင့်များ ဤစာစီစာကုံး ခေါင်းစဉ်ကို ‌အိမ်စာရေးခိုင်းလိုက်ပါသနည်း။

မမေ့နိုင်သော နေ့တစ်နေ့

ချောသည် စာမျက်နှာထက်သို့ ဘောပင်အား ဆတ်ကနဲ တောက်ချလိုက်ပြန်သည်။

နေ့ရက်တိုင်းကို မေ့ပစ်နိုင်အောင် ကြိုးစားခဲ့သည့် ချောသည် "မမေ့နိုင်သော နေ့" ဟူ၍ ရှိနိုင်ပါ့မလား။

ကြီးကြီး ချောအား ပြန်ချော့သည့် နေ့၊ ဖေဖေ ညနေဘက် စောစော ပြန်လာသည့် နေ့ ၊ မေမေ ‌အပြုံး အသက်၀င်သည့် နေ့ စသည်ဖြင့် ချော နေ့ရက်ပေါင်းများစွာအား စဉ်းစားမိသည်။

သို့သော်လည်း ထိုနေ့ရက်များမှာ စာဖွဲ့ကာ စီကုံးရလောက်သည်အထိ တခြားသူများအတွက်တော့ အရေးမကြီးလှပါ။ ဦးနှောက်အား ဆယ်မိနစ်ခန့် မရပ်မနား အလုပ်ပေးပြီးနောက် ချော သက်ပြင်းရှည်ကြီး တချက်ချကာ အိပ်ရာထက်သို့ ပစ်လှဲပါလိုက်သည်။

QuarkWhere stories live. Discover now