21
2K 274 16
                                အပိုင်း ( ၂၁ )
အချိန်တွေသည် ပြောင်းလဲလို့ လာခဲ့သည်။ ကမ္ဘာနှင့်ဘေဘီလုံးသည် ချစ်သူတွေ ဖြစ်လို့ အဆင့်တက်ခဲ့ကြသလို၊ မယ်နှင့်ရာရာသည် မိတ်ဆွေသူငယ်ချင်းအဆင့်မှ ရည်းစားဘဝသို့   ရောက်ရှိခဲ့ကြသည်။
ရာရာသည် မယ့်ကို လုံးလုံးလျားလျား လက်မခံသေးပေမဲ့ စဉ်းစားပေးမည့်အဆင့်မှာ ရှိသည်။ ချစ်တယ်လို့ ရာရာ့ဘက်က တရားဝင်မပြောသေးပေမဲ့လည်း မယ်က ရာရာ သူ့အပေါ် စိတ်ရှိနေသည်ကို သိသည်။ ဒါကိုက မယ်၏အရည်အချင်းများထဲမှ တစ်ခု။
ကလေးကို မုန့်ပေးကြိုက်ထားသည့်မယ်အတွက် အရာရာ မလွယ်ကူလှပါ။ နံနက် ရုံးချိန်နောက်ကျရသည်။ ညနေ ရုံးစောဆင်းရသည်။ ငါးမိနစ် နောက်ကျလျှင်ကို ရာရာက တစ်နာရီလောက် ထိုင်စိတ်ကောက်တတ်သည်။
မယ်နှင့်ရာရာ၏ တွေ့ချိန်သည် ရာရာ စိတ်ကောက်တာနှင့်
တွေ့ချိန်ကုန်သည်။ အခုတော့ မယ်က နောက်မကျဘဲ ရာရာက နာရီဝက်နီးပါး နောက်ကျနေသည်။ မယ် အစည်းအဝေးကို လျင်မြန်စွာ လုပ်ပြီး ကားကို အရှိန်ပြင်းပြင်း မောင်းလာခဲ့သည်။ လမ်းမှာလည်း အသေးစား ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲသေးသည်။ သို့ပေမဲ့ ရာရာက ချိန်းတွေ့သည့်နေရာကို မရောက်သေး။ မယ် အကြီးအကျယ် စိတ်ဆိုးနေသည်။
" မမ "
ဒူးလောက်ဂါဝန်နီညိုလေးနှင့်ရာရာက ချစ်စရာ အလွန်ကောင်းပါသည်။ သို့ပေမဲ့ အခုချိန်မှာတော့ မယ့်မျက်စိထဲ  ချစ်စရာကောင်းမနေပါ။
မယ် ယာဉ်တိုက်မှုအသေးစားလေးတွင် အရှိန်ပြင်းစွာနှင့် ဖြစ်သွားသည်မို့ အနည်းငယ် ထိခိုက်သွားသည်။ ခြေချင်းဝတ် နာ၍ လက်ကောက်ဝတ်လည်း နာသွားသည်။ မယ် ရုပ်တည်ကြီးနှင့် ကြည့်နေလိုက်သည်။
" မမ "
ရာရာ ခေါ်၍ ဘေးနားမှာ ဝင်ထိုင်သည်။ သူတို့နှစ်ယောက်သည် ချစ်သူများ ချိန်းတွေ့ကြသည့်ခုံတန်းလေးမှာ ထိုင်နေသည်။ ရာရာ မယ်၏ဘေးနားတိုးကပ်၍ လက်မောင်းကို ဖက်ကာ ခေါင်းကို မှီလိုက်သည်။
" မမ ဒီနေ့ ဘယ်သွားကြမလဲ "
မယ် ရာရာ ပြောနေသည်ကို ဂရုမစိုက်ဘဲ ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်နေသည်။ မယ်၏နှုတ်ခမ်းသည်လည်း စိတ်အခြေအနေကြောင့် တင်းတင်းစေ့ထားသည်။