အပိုင်း(၁)🍂

290 8 2
                                    

Unicode🍁

ဇွန်လ တစ်ရက်နေ့ ကျောင်းဖွင့်ချိန်မို့ ကျောင်းအပေါက်ဝနဲ့ ကျောင်းဝန်းထဲမှာ အဖြူအစိမ်းကိုယ်စီဖြင့် ကျောင်းသား ကျောင်းသူများက ပြည့်နှက်နေတော့သည်။ ထိုထဲမှ ကျောင်းအပေါက်ဝကနေ သွက်လက်ပေါ့ပါးစွာ လမ်းလျှောက်ဝင်လာတဲ့ ကျောင်းသူလေးတစ်ယောက်။ အတန်းထဲမှာ အမြဲတမ်း အဆင့်ထိပ်ဆုံးရသော ကျောင်းသူပီပီ ကျောင်းဖွင့်ရက်မှာ တက်ကြွနေခြင်းပင်။

"ခင်...ခင်...ငါ့ကို စောင့်ပါဦးဟဲ့" ခင်ရဲ့ အချစ်ဆုံးသူငယ်ချင်း နန်းက အနောက်ကနေ အော်ခေါ်နေသောကြောင့် ခင် လှည့်ကြည့်လိုက်သည်။ နန်းက ပြေးလာရင်း ခင့်နားရောက်မှ မျက်နှာကို စပ်ဖြဲဖြဲလုပ်ပြီး စကားဆက်သည်။
"အနောက်ကနေ ကြည့်နေတာ။ လမ်းလျှောက်တာ မြောက်ကြွမြောက်ကြွနဲ့အေ။ နင်လို့ ထင်တော့ထင်သား"
"ဘာ မြောက်ကြွမြောက်ကြွလဲ။ ‌ကျောင်းဖွင့်တာပျော်လို့ပါနော်"
"အေးပါ...အေးပါ။ ဒါနဲ့ ငါတို့ ဘယ်အခန်းသွားရမှာလဲ မေးပြီးပြီလား"

အတန်းနေရာတွေကို ပြောပြပေးဖို့ ဆရာမတစ်ယောက်က ကျောင်းအဝင်ပေါက်နဲ့ ခမ်းလှမ်းလှမ်းမှာ စားပွဲတစ်လုံးနှင့် ထိုင်နေသည်။ ခင်တို့နှစ်ယောက် ဆရာမဆီလျှောက်လာတော့ ဆရာမက လှမ်းမေးသည်။
"သမီးတို့နှစ်ယောက်က ဘယ်အတန်းကလဲကွယ့်"
"အဌမတန်းကပါ ဆရာမ"
"နာမည်လေးတွေက?"
"ခင်နဲ့ နန်းပါ" ခင်က နာမည်ပြောပြပြီးတာနဲ့ ဆရာမက စားပွဲပေါ်က စာရွက်တွေကို လှန်လှောရှာနေသည်။ စက္ကန့်ပိုင်းမျှရှာပြီးနောက်-
"ခင်က တန်းခွဲ (က)။ နန်းက တန်းခွဲ (ခ)နော် သမီးတို့။ ခင်က ဒီအဆောင်ရဲ့ အောက်ထပ်က အရှေ့ဘက်အစွန်ဆုံးအခန်း။ နန်းကတော့ အဲ့အခန်းရဲ့ အပေါ်က အခန်းကို သွားရမယ်"
"ဟုတ်။ ကျေးဇူးတင်ပါတယ် ဆရာမ" ခင်တို့နှစ်ယောက် ဆရာမကို နှုတ်ဆက်ပြီး ထွက်လာတာနဲ့ နန်းက မျက်နှာကို ဆူပုတ်ထားတော့သည်။

"ငါတို့နှစ်ယောက်က အမြဲတမ်း တစ်ခန်းတည်း အတူတူကျနေကျဟာကိုး။ ဒီနှစ်မှ ဘာတွေဖြစ်ကုန်တာလဲ"
"ငါတို့ ဒီနှစ် ကျောင်းအတူတူလာအပ်တာ မဟုတ်ဘူးလေ"
"အေး ဟုတ်သား။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ငါ နင်နဲ့တစ်နှစ်လုံး ခွဲနေရတော့မယ်" နန်းက ငိုမဲ့မဲ့မျက်နှာ လုပ်နေတော့ ခင့်မှာ မရယ်မိအောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားရသည်။
"ညနေတွေ့လို့ရတာပဲ။ ငါလှေကားနားက စောင့်နေပေးမယ်"
"တကယ်စောင့်နော်။ မမေ့နဲ့နော်။ ငါအရင်အပေါ်တက်ပြီ။ တာ့တာ" နန်းက လှေကားရင်းရောက်တာနဲ့ အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Where stories live. Discover now