ကံကောင်းလို့သူတို့သိပ်မမှောင်ခင်မှာအိမ်ကိုရှာတွေ့ခဲ့တယ်။မိုးသက်စွေကတော့ကျူရှင်ရှိတာကြောင့်အိမ်မှာရှိမနေပဲအမေနဲ့အဖေသာရှိနေတယ်။" ကိုထွဋ်လည်းပါလာကိုး "
" တစ်ယောက်တည်းပြန်လွှတ်ရမှာစိတ်မချလို့အဒေါ် ကျွန်တော်ပါလိုက်လာတာ "
" ဘယ်တော့ပြန်မှာလည်း အေးအေးဆေးဆေးနေသွားပါလား "
" မနက်ကျအစောပိုင်းကားနဲ့ပဲပြန်မှာအဒေါ် ၊ ဆေးရုံကခွင့်ရက်အရှည်ကြီးယူမရသေးလို့လေ "
နေသက်နွေးရဲ့အကြည့်တွေကအမေလုပ်သူဆီမှာပဲ။ အမေ့ဘေးကြောင်လေးတိုးကပ်သွားရင်းပခုံးစွန်းလေးပေါ်နဖူးတင်လိုက်ရင်းစတင်ရိူက်တော့တာပဲ။
ဒီရက်တွေမှာသူအမေ့ကိုသိပ်လွမ်းခဲ့တာ။ဖုန်းဆက်ရင်မအားဘူးအမြဲပြောလည်းသူကတော့ဆက်နေဆဲပဲ။နောက်ပိုင်းကျတော့အမေကဖုန်းပါသိပ်မကိုင်တော့ဘူး။
သက်စွေကြောင့်အမေမအားမှန်းသိပေမဲ့၊သူလည်းနည်းနည်းလောက်အမေ့ဆီဂရုစိုက်တာလေးခံချင်တယ်။
" အော် ... ဒီကလေးနှယ် ရောက်တာနဲ့မအေ့အနားပဲကပ်နေတာပဲ "
" သူနေမကောင်းဘူး အဒေါ် "
" သက်နွေးကအဲ့လိုပဲ၊ငယ်ငယ်ကတည်းကပျော့တယ်၊အငယ်ကောင်လိုမဟုတ်ဘူး၊ အငယ်ကောင်ကတော့မာမှမာပဲအပေတေလည်းခံတယ်သူကတော့မဟုတ်ပါဘူး "
ကျော်ဇေယံထွဋ်ကမျက်နှာနည်းနည်းပျက်သွားပေမဲ့ချက်ချင်းပြန်ထိန်းတယ်။ အမေဘေးကြောင်ပေါက်လေးလိုကပ်နေတဲ့ကောင်လေးကိုစိတ်မသက်မသာနဲ့ကြည့်ရင်းပဲ လူကြီးနှစ်ယောက်နဲ့စကားလမ်းကြောင်းပြောင်းလိုက်ရတယ် ။
" နွေး က ဘယ်လိုလုပ်ပြီးဒီလိုဖြစ်သွားတာလဲ ဦးလေး "
" သူ့အသက်၃နှစ်လောက်မှစပြီးဖြစ်တာ၊ ငေးငေးငိုင်ငိုင်နဲ့စကားလည်းမပြော၊သင်လည်းမတက်နဲ့လေ "
ရေနွးကြောင့်လားတော့မသိပေမဲ့ကျော်ဇေယံထွဋ်ရဲ့ရင်ဘက်ထဲတကျစ်ကျစ်ပူတက်လာတယ်။ ၃ နှစ် ။ မပီကလာပီကလာနဲ့မိဘတွေဆီကတုန်နေအောင်အချစ်ခံရမဲ့အရွယ်ပေမဲ့ ရောဂါအပြုမူတွေကြောင့်ပြစ်တင်ခြင်းကိုခံနေရပြီ။ အော်တစ်ဇင် လက္ခဏာတွေကိုစသိတဲ့အချိန်ဂရုစိုက်ရင်ဒီလိုဖြစ်စရာမှမရှိတာ ။