အများနားနေခန်းဖြစ်တာကြောင့်ဆရာဝန်တွေရဲ့အဝင်အထွက်ကတော့ရှိနေ၏။ ကျော်ဇေယံထွဋ် တို့အကြောင်းအတွင်းကျကျမသိသော်လည်းနားစွန်နားဖျားလောက်ကတော့ကြားသိထားကြပြီး သားဖြစ်သည်။နေသက်နွေး၏ပုံစံမှာအပူပင်ကင်းပြီးရိုးစင်း၏။ အန္တရယ်ကင်းသည့်ပုံစံမျိုးဖြစ်ကာနူးနူးညံ့ညံ့လေးမို့ ကြည့်လိုက်သည်နှင့်ခေါင်းလေးပုတ်ပေးချင်စရာ။
" ဆရာထွဋ်ရေ လူနာ! "
" လာပြီ လာပြီ "
ချိုင့်အားချလို့ပြေးကာအပေါက်ဝရောက်မှကျော်ဇေယံထွဋ်တစ်ဖန်ပြန်လည်လာကာနေသက်နွေး၏ခေါင်းလေးပုတ်ကာပါးလေးအားဆွဲဖဲ့လိုက်၏။
" အိမ်ကိုကောင်းကောင်းပြန်နော် "
" ဟုတ် ... "
ဖြူလွလွဝတ်ရုံလွင့်ခနဲဖြစ်သွားပြီးနောက်ရှည်လျားတဲ့ပုံရိပ်လေးမှာအဆောက်အဦး၏ရှုပ်ထွေးသည့်ထောင့်ချိုးတွေကြားပြေးလွှားပျောက်ကွယ်သွားပြီဖြစ်သည်။
စားနေလက်စထမင်းမှာနည်းနည်းကျန်နေသေးသော်လည်းအရွက်ကြော်တွေကတော့ကုန်လုနီးပါးဖြစ်နေ၏။ ချိုင့်တွေအားတစ်ဆင့်ချင်းပြန်ဆင့်ပြီးနောက်နေရာတကျပြန်ထည့်ကာလက်ကိုင်ပုဝါလေးအားခြင်းလက်ကိုင်တွင်ချည်နှောင်လိုက်၏။
~
ဝါးခြံတံခါးမှာပွင့်နေတာကြောင့်နေသက်နွေးအနည်းငယ်တွန့်သွား၏။ အိမ်နှင့်မျက်စောင်းထိုးအပင်ကြီးအောက်တွင်ရပ်ထားသောကားဖြူကြောင့်အန်တီမြင့်မှန်းသိလိုက်ရသည်။
အိမ်ထဲရောက်တော့ထင်သည့်အတိုင်းအန်တီမြင့်ဖြစ်ကာ၊နံဘေးတွင်လည်းမိန်းကလေးတစ်ယောက်ပါ၏။ ထိုမိန်းကလေးမှာဖြူဖွေးနုဖက်ကာအင်မတန်လှပလေသည်။
အန်တီမြင့်ကနေသက်နွေးလက်ထဲကခြင်းကိုကြည့်ကာမျက်ခုံးပင့်သွား၏။နေသက်နွေးကိုယ်လေးကြုံ့ကာခေါင်းလေးစောင်းသွားချေသည် ။
" အန်တီမြင့်ပြောတဲ့ ကောင်လေးလား။ချစ်စရာလေးပဲ "
နံဘေးမှမိန်းကလေး၏စကားကြောင့်နေသက်နွေးခေါင်းငုံ့ကျသွားသော်လည်းတစ်ဖန်မိတ်ဆက်လာပြန်၏။