{ unicode }
" ကြိုက်လား.. "
" ဝါး.. ကိုကို.. ဒါ သားကိုပေး "
" ကိုကို့ ညီလေးကိုပေးဖို့ပဲလေ "
ကောင်ငယ်လေးမှာ အရပ်ပုသေးသေးနှင့် သူ၏ညီငယ်လေး ဖြစ်ဟန်တူသည့် ကလေးငယ်အား အလိုလိုက်ကာ ဂရုစိုက်ပေးနေပုံမှာ ခပ်လှမ်းလှမ်းမှ ငေးကြည့်နေရသည့် သူ့အဖို့ ကြည်နူးမှုများ ဆွတ်ပျံ့လို့။ ခပ်ပါးပါးလေးပြုံးရင်း အဆောင်မှ ခပ်လှမ်းလှမ်းသို့ လမ်းလျှောက် ထွက်လာမိသည်။
ပင်မနန်းဆောင်နှင့် အနီးရှိနန်းတော်မှ အစေခံများမှာတော့ လှုပ်လှုပ်ရှားရှားနှင့် ရုန်းကန်နေရင်း ရှောင်းပေါက်စ၏ လက်ဆက်ပွဲအတွက် ပြင်ဆင်နေရသည်။
ရပ်ကာကြည့်နေမိသည့် အဆောင်စွန်းစွန်းလေးမှနေ၍ သူ့မှာ ထိုအခြေအနေအား ရယ်ရမလား ငိုရမလားပင် မသိတော့။သူ့ဘဝမှာလည်း ဟာသရသများပင် မြောက်လို့..။
စည်ကားသိုက်မြိုက်နေသည့် ပင်မနန်းဆောင်၏ အသွင်အပြင်အားကြည့်၍ တိတ်တခိုး မျက်ရည်ကျမိသည့် သူ့အားကြည့်၍ အထည်စကိုင် နန်းတွင်းသူတစ်ချိူ့မှ တီးတိုးဆိုလို့ မထီမဲ့မြင်ပြု သွားကြသည်။ သူ့အနေနှင့် အရင်မင်းကြီး၏ လက်ကျန် ကြင်ယာတော်ဝမ်ဟူသည့် ဂုဏ်ပုဒ်လေးတစ်ခုမှလွဲ၍ ကျန်တာရှိပုံမရ။
" ဝူမင်းသမီး နဲ့ အရှင်က အရမ်းလိုက်ဖက်တာပဲ.."
" ဝူမင်းသမီးကလည်း တိုင်းပြည်ခြောက်ခုလုံးမှာ ချောမောလှပဆုံး မင်းသမီး ပီသပါပေတယ် "
" အရှင်က အေးစက်စက်နေပေမယ့် ဝူမင်းသမီးကို ချစ်ပါတယ်.."
ဘေးဘက်ရှိ ဆေးနီရောင် တိုင်စွန်းမှ လိုက်ကာစလေးအား ဖိလို့ လက်သီးဆုပ်လေးဖြင့် တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ နားဝင်ချိုစရာမရှိသည့် ထက်နေသည့် ဓားအသွားလို စကားတွေပါပဲ..
" မင်းတို့မှာ အချိန်တွေ အရမ်းပေါနေပုံရတယ် "
" တောင်းပန်ပါတယ်..ရှန်မင်းသား"
" နောက်တစ်ခါမဖြစ်စေရပါဘူး..ခွင့်လွှတ်ပေးပါ "
" ငါ့ရှေ့ကနေ ခုချက်ချင်း ထွက်သွားစမ်း"