အပြင်တွင်မိုးဖွဲတွေကသိမ်မွေ့စွာကျဆင်းနေ၏။ သံတိုင်တွေအားခေါင်းမှီလို့အပြင်သို့ငေးနေသောကောင်လေးထံသေးငယ်သောမိုးစက်ပေါက်လေးတွေမှာလာရောက်ထိတွေ့နေသည့်တိုင်ကောင်လေးသည်မလှုပ်မရှား။နန်းခမ်းလူဂျူတီကုတ်တွင်းလက်နှိုက်ကာထိုကောင်လေးအားကြည့်နေပေမဲ့၊တည်ရှိမှုကိုအသိမှတ်ပြုပြီးနောက်ကောင်လေးသည်ပြတင်းပေါက်သို့ခေါင်းလေးစောင်းသွားပြန်၏။
" နွေး ... "
နားရွက်သေးသေးလေးသည်ဆက်ခနဲလှုပ်ရှားသွားကာနန်းခမ်းလူထံမော့ကြည့်လာ၏။ ထိုမျက်ဝန်းထဲမှမခေါ်ဆိုရန်ငြင်းဆန်လာသည့်အရိပ်အယောင်တွေအားသတိထားမိတဲ့အခါနန်းခမ်းလူမအံ့သြပဲမနေနိုင်။
" မိုးရေတွေစင်နေတယ်၊ အနောက်နားနည်းနည်းဆုတ်လိုက်ပါလား "
ကောင်လေးသည်မလှုပ်မရှားစွာပင်။မိုးရေစက်တွေအားရေတွက်နေသည်လား၊အမှောင်ရိပ်ကျနေသည့်လမ်ကျဥ်းလေးအားငေးမောနေသည်လား။
သိမ်မွေ့စွာကျဆင်းနေသည့်မိုးရေစက်တွေကြားခံစားမိတဲ့လွမ်းမောဖွယ်ရနံ့။ဘယ်သူမို့သည်လောက်အထိလွမ်းဆွတ်နေသည်လည်းမသိ။
" ဒေါက်တာ အပြင်မှာဧည့်သည်ရောက်နေတယ် "
" လူနာဆို ခဏစောင့်ခိုင်းလိုက်တော့လေ။ ကျွန်မကဂျူတီဆင်းတော့မှာ တခြားဆရာလာမှပဲ "
" လူနာတော့မဟုတ်ဘူးထင်တယ် "
ပြောနေရင်းပင်တာဝန်ကျဆရာရောက်လာကာထိုကောင်လေးအားဆေးထိုးရန်ပြင်ဆင်ကြလေသည်။နန်းခမ်းလူဘဝတွင်ဆေးထိုးရင်းပေးရမှာအကြောက်ဆုံးလူနာက ထိုကောင်လေးပင်ဖြစ်သည်။ လူအင်အားဖြင့်ချုပ်နှောင်ကာ၊မရုန်းကန်နိုင်အောင်ဖိနှိပ်ထားချိန်တွင်ထိုကောင်လေး၏ခိုကိုးရာမဲ့စွာညှို့မှိုင်းနေသောမျက်ဝန်းဝိုင်းလေးတွေသည်သွေးသားမတော်စပ်သည့်သူ့အနေနဲ့တောင်ရင်နာရသည်။
" အင့်.. !! "
ကောင်လေးသည်ပြတင်းပေါက်ဘေးပိုတိုးကပ်ကာ၊နံရံကပ်စက္ကူချပ်လေးဖြစ်ချင်နေသည့်သဖွယ်။ ခေါင်းလေးစောင်းရင်းဆေးထိုးအပ်အားကြောက်စရာအကောင်းဆုံးသတ္တဝါတစ်ကောင်လိုကြည့်ရင်း ၊မျက်ဝန်းဝိုင်းလေးတွေသည်စတင်မှောင်မိုက်လာ၏။