ကျော်ဇေယံထွဋ်ညဂျူတီထွက်ပြီးကိုးနာရီကတည်းကအိပ်နေတာအခုဆိုဆယ့်နှစ်နာရီ ။ အိပ်ချိန်တွေရှားပါးလွန်းသည်မို့ကျော်ဇေယံထွဋ်ကအအိပ်လည်းမက်၏။မေလတစ်ဝက်လောက်ရောက်နေပြီဖြစ်သော်လည်းမိုးတပြိုက်၊လေတပြိုက်ဖြင့်ရာသီဥတုကလည်းမမှန်ချေ။ အဖျားပါဝင်ချင်နေပြီမို့လူကလည်းနုံးနေရှာသည်။
ကျော်ဇေယံထွဋ်အိပ်နေသည်မှာပြတင်းပေါက်နားမို့နေရောင်သည်ကမ္ဘာမြေပေါ်ရှိသက်ရှိ၊သက်မဲ့တွေပေါ်ဖြာဝဲကျလျက် ။
နေသက်နွေးကျော်ဇေယံထွဋ်နံဘေးဆောင့်ကြောင့်လေးထိုင်ကာ၊ဒူးပေါ်မေးတင်ရင်းတစိမ့်စိမ့်ငေး၏။
အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့နေ့ရက်တွေ။ဘယ်လောက်တောင်မှောင်မိုက်ခဲ့ရသလဲ။ဒီလူ...သူ့ဆီပြန်လာပါ့မလားဘယ်လောက်တောင်စိတ်ပူခဲ့ရသလဲ။
ပြန်လာချိန်လေးမျှော်ငေးနေရင်း၊ဝမ်းနည်းမှုတွေ၊နာကျင်မှုတွေ၊တမ်းတစိတ်တွေရဲ့ထိုးနှက်ချက်တွေနဲ့စကားလေးတစ်ခွန်းတောင်သူမပြောနိုင်ခဲ့။
အဖေ၊အမေအားလုံးထွက်ခွာသွားတဲ့အချိန်မှာသူတမ်းမိဆုံးလူက ကိုကိုပဲ။
စကားတွေအများကြီးပြောချင်ပေမဲ့၊သတိရတဲ့အကြောင်းတွေအများကြီးပြောချင်ပေမဲ့ သူမတတ်နိုင်ခဲ့ချေ ။ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်မိတဲ့အခိုက်တန့်တွေနွေးမှာအများကြီးရှိသည်။
အနည်းဆုံးတော့ 'ကိုကို 'လို့ခေါ်တဲ့အခါမထစ်ဖို့၊ 'ချစ်တယ် ' ဝန်ခံတဲ့အခါမထစ်ဖို့ ၊ အကြည့်ချင်းဆုံတိုင်းခေါင်းစောင်းမိရင်းအရင်ဆုံးအကြည့်မလွှဲမိဖို့။
မပြည့်စုံခြင်းအပေါ်စိတ်ပျက်ခံရမှာသိပ်ကြောက်သည်။ သူ့မှာဘာမှမရှိ။ဒီလူ၊ဒီလူ၊ဒီလူအပြင်ဘာမှမရှိ။
" နွေး ဘာဖြစ်လို့လဲ "
အိပ်နေရာမှာနိုးလာကာမှုန်မှုန်ဝါးဝါးဖြင့်မေးလာသောအမေးအားနွေးကခေါင်းခါပြ၏။ သူ့လက်မောင်းအားပုတ်ပြလို့အိပ်ရန်ခေါ်နေသောလူထံကိုယ်လေးအားကွေးရင်း၊ရင်ခွင်ထဲကျောကပ်လှဲလိုက်မိသည်။