2.8K 243 28
                                    

ပတ်ဆောင်းဟွန်းနှင့် ရှင်းဂျယ်ယွန်း...

ရှင်းဂျယ်ယွန်းနှင့် ပတ်ဆောင်းဟွန်း...

တစ်ယောက်အမည်ကြားတာနှင့် ပတ်ဝန်းကျင်က နောက်တစ်ယောက်ကိုပါ တန်းတွေးမိလောက်အောင်ထိ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းနှစ်ယောက်။

လူမှန်းသိတတ်စအရွယ်မှာပင် နှစ်အိမ့်တစ်အိမ်လို ရင်းနှီးလှတဲ့ မိဘအသိုင်းအဝိုင်းကြားမှာ အတူတူကြီးပြင်းခဲ့သည်မို့... နှစ်ယောက်သားက အချင်းချင်းမျက်နှာချင်းဆိုင်လိုက်ရုံနှင့်ပင် ဘာလုပ်ကြမလဲဆိုတာ စကားတွေမလိုဘဲ နားလည်သဘောပေါက်သည်အထိ။

💫

ပတ်ဆောင်းဟွန်းဆယ်နှစ်အရွယ်မှာ အစ်မဝမ်းကွဲဖြစ်သူက အိမ်ထောင်ပြုတော့မည့်အကြောင်း ပြောလာသည်။ ဆွေမျိုးတွေကြား တစ်ဦးတည်းသောခင်တွယ်ရာအစ်မပေမို့ ဝမ်းနည်းမိတာ မထူးဆန်း။ မမက ယဉ်ယဉ်ကျေးကျေးနဲ့ သိပ်လှသူဖြစ်ပြီး ပညာအရည်အချင်းအရလဲ ဂုဏ်ရှိလှသော ဆရာဝန်တစ်ယောက်။ ဆိုတော့ မမလို အစစအရာရာပြည့်စုံတဲ့သူက ဘယ်လိုလူမျိုးကိုများ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်တာလဲ။

မလိမ်ညာစတမ်းဝန်ခံရလျှင်.. ထိုလူက မမနှင့်ပညာအရည်အချင်းအတူတူမှန်း သိလာသည့်တိုင်၊ ဆောင်းဟွန်းတို့ထက် ကြီးကျယ်မြင့်မြတ်သည့်မိသားစုက ဆင်းသက်လာသူမှန်းသိခဲ့ရသည့်တိုင် ထိုလူကို ဆောင်းဟွန်း နည်းနည်းမှအမြင်မကြည်ခဲ့ပါ။

ဆောင်းဟွန်းငယ်ငယ်လေးထဲက၊ ညီမလေးရယ်ဂျီတောင် လူ့လောကထဲမရောက်ခင်အချိန်ထဲက မမတို့အိမ်ကိုအမြဲသွားပြီး မမနှင့်ဆော့ကစားလာခဲ့သည်မို့ မမကို အခြားသူတစ်ဦးလက်ထဲ အပြီးတိုင်ထည့်ပေးလိုက်ရတော့မည့်နေ့ကို ဆောင်းဟွန်း စိတ်ကူးနဲ့တောင်မတွေးဖူးခဲ့။

မင်္ဂလာအခမ်းအနားမှာ ထိုလူ့လက်ကိုချိတ်တွယ်လို့ ပြုံးရယ်နေတဲ့မမကို ဆောင်းဟွန်းက ဆူပုတ်လို့ ကြည့်နေခဲ့သည်။ ဆယ်နှစ်သားအရွယ်ဆောင်းဟွန်းလေး စိတ်ကောက်တဲ့အခါ အောက်နှုတ်ခမ်းထူထူလေးက ထော်ထွက်လာ၏။ ပြီးတော့ အပေါ်နှုတ်ခမ်းလေးကို သွားငုံနေသည်။ မည်းနက်နေတဲ့မျက်ခုံးမွေးတွေကလဲ ကြုံ့နေပြီး စိတ်ကောက်နေတာ မမသိအောင် မမတို့ဘက်ကိုမကြည့်ဘဲ ခေါင်းကိုငုံ့လို့ထား၏။

Always be my maybe [PSH x SJY] Where stories live. Discover now