ရှေ့သို့လှမ်းချီ ပန်းတို့ဌာနီ

101 13 0
                                    

တောင်ဇလပ်ပန်းတို့နှင့် လှချင်တိုင်းလှနေသည့် တိုင်းရင်းသားတို့၏ တောင်ပေါ်တောင်တန်းဒေသလေးသည် အေးမြမှုနှင့် ငြိမ်းချမ်းမှုတို့၏ သင်္ကေတအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ ထိုဒေသအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအများစုသည် စစ်ဘေးဒဏ်နှင့် မရင်းနှီးခဲ့ကြ။ ဖွံ့ဖြိုးမှုနှေးကွေးခဲ့သော်လည်း တောင်ယာလုပ်ငန်း၊ စိုက်ပျိုးမွေးမြူလုပ်ငန်းများလုပ်ကိုင်ရင်း ရိုးရာဓလေ့များနှင့်အတူ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြသည်။

"ကျွန်တော်တို့တိုင်းရင်းသားတွေမှာ ဓလေ့တစ်ခုရှိတယ်ဗျ"

ကြုံခဲ့ရသည့် အဖြစ်ဆိုးများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခက်ထန်မည်ဖြစ်သော်လည်း ပြန်လည်ပြောပြသူ လူငယ်၏စကားသံများတွင် ဒေါမာန်မပါ။ ယုံကြည်မှုမှ ဆင်းလက်လာသည့် ခိုင်မာအေးချမ်းမှုနှင့် အေးအေးပင် စကားဆက်သည်။

အာဏာမသိမ်းခင်က လူငယ်သည်လည်း တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်။ ကိုဗစ်ကာလ ကျောင်းများပိတ်ထားချိန်တွင် မြန်မာနိုင်ငံ၏ အခြားအခြားသော ကျောင်းသားလူငယ်များနည်းတူ ရောဂါဆိုးကို ခုခံရန်အတွက် လုပ်အားပေးရင်း ရပ်ရွာဒေသအကျိုးအတွက် စွမ်းစွမ်းတမံ ပါဝင်ခဲ့သည်။ ဒေသခံများ၊ လုပ်အားပေးစေတနာရှင်များအစွမ်းကြောင့် ရောဂါဆိုးကြီးကို အသေအပျောက်နည်းစွာ တွန်းလှန်နိုင်ခဲ့သည်။ ပျော်ရွှင်စွာဖြင့် အောင်ပွဲခံရမည့်အချိန်တွင်မှ စစ်အုပ်စု၏အာဏာသိမ်းမှု သတင်းဆိုးကြီးက စောင့်ကြိုနေခဲ့သည်။

"အရင်က ဗမာတွေ ကျွန်တော်တို့တိုင်းရင်းသားတွေကို နှိမ်တာ ခံရဖူးတယ်.. ကျောင်းမှာတုန်းက xxx စုတ် တွေဆိုပြီး ခေါ်ခံရဖူးတယ်.. ကျွန်တော်က မိဘမဲ့ဆိုတော့ ပိုဆိုးတာပေါ့ဗျာ.. ဆရာတွေကအစ နှိမ်ခဲ့ကြတယ်.. ဒါပေမဲ့ စစ်ဘေးဒဏ်မခံရဖူးတော့ စစ်တပ်က ဒီလောက်ဆိုးတယ်ဆိုတာ ကျွန်တော် မသိထားခဲ့ဘူး.."

မတရားအဓမ္မ အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းသောဆန္ဒပြပွဲများတွင် ပါဝင်ချိန်မှာ လူငယ်သည် ဖမ်းခံရ၊ ရိုက်ခံရသည်။ ငြိမ်းချမ်းသောဆန္ဒပြပွဲအတွက် နှိပ်စက်ခံ၊ အကြမ်းဖက်ခံရရုံမက ရက်စက်စွာ အသတ်ခံရသည်ကို မြင်ရချိန်မှာ အံ့သြနာကြည်းမှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ဖြစ်ခဲ့သည်။

နွေဦးတော်လှန်ရေးဝတ္ထုတိုများWhere stories live. Discover now