ပန်းလေးတစ်ပွင့်လိုပါသည်

292 42 2
                                    

မြို့လေးတစ်မြို့တွင် ကလေးငယ်များ မူလတန်းကျောင်း စ,တက်ချိန်တိုင်း ထူးခြားသော အစီအစဥ်လေးတစ်ခုရှိသည်။ သူတို့၏ ပညာရေးစနစ်တွင် သူငယ်တန်းမရှိ။ ပထမတန်းမှ ပဥ္စမတန်းအထိ မူလတန်းဖြစ်သည်။ ပထမတန်း တက်ရောက်ရမည့် ကလေးငယ်များအား ဆရာ ဆရာမများနှင့်အတူ ကြိုဆိုဖို့ရန် မူလတန်း နောက်ဆုံးနှစ် ကလေးများက ပူးတွဲတာဝန်ယူကြသည်။

စားပွဲတစ်ခုဖြစ်လာဖို့ သစ်သားတွေလိုပါတယ်..


သစ်သားတွေဖြစ်လာဖို့ သစ်ပင်တစ်ပင်လိုပါတယ်..


သစ်ပင်ဖြစ်လာဖို့ မျိုးစေ့တစ်စေ့လိုပါတယ်


မျိုးစေ့ဖြစ်လာဖို့ အသီးတစ်လုံးလိုပါတယ်


အသီးဖြစ်လာဖို့ ပန်းလေးတစ်ပွင့်လိုပါတယ်


အရာရာအတွက် ပန်းလေးတစ်ပွင့်လိုပါတယ်..


အရာရာအတွက် ပန်းလေးတစ်ပွင့်လိုပါတယ်..


ဒီကလေးသီးချင်းလေးကို မူလတန်းနောက်ဆုံးနှစ်ကလေးငယ်များသည် ရောက်ရှိလာသည့် အငယ်ဆုံးလေးများကို ကြိုဆိုရန် အတူသီဆိုကြသည်။ ထို့နောက်မှာတော့ ကလေးတစ်ဦးချင်းစီကို လက်တွဲကာ ပညာသင်ကြားရမည့် အတန်းရောက်အောင် ပို့ဆောင်ပေးကြသည်။


ထိုသီချင်းလေး၏ အနက်အဓိပ္ပါယ်မှာ အရာရာသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ကာ အပြန်အလှန် ဆက်နွယ်နေကြသည်။ ထိုအရာအားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် ပန်းပွင့်လေးမှာ မူတည်နေသည်။ ထိုပန်းပွင့်လေးကြောင့်သာ အခြားအခြားသော အရာများသည် ဖြစ်တည်နိုင်သည်ဟူ၍ ဖြစ်သည်။


ကလေးငယ်များသည် ထိုပန်းပွင့်လေးများကဲ့သို့ပင် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည့် ကမ္ဘာမြေအတွက် အရေးကြီးဆုံး လူသားငယ်များပင်။


ထိုအချိန်တွင် မြန်မာနိုင်ငံရှိ ကျောင်းလေးတစ်ကျောင်းတွင်မူ စစ်သေနတ်သံများက တန်ဖိုးအရှိဆုံး ပန်းပွင့်လေးများကို ဖဲ့ခြွေနေခဲ့သည်။


သီချင်းဆိုရမည့် ကလေးငယ်များသည် ငိုသံများနှင့် ကြောက်နေရသည်။ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ကိုယ်စားပြုသော ပန်းလေးများသည် သွေးအလူးလူးနှင့် တစစီ ပြန့်ကျဲနေရသည်။


ပန်းလေးတစ်ပွင့်က ဆရာဖိုးရေ ကျွန်တော်တို့ကို ကယ်ပါဦး ဟု အကူအညီတောင်းနေခဲ့သည်။ တခြားပန်းလေးတစ်ပွင့်ကတော့ နာကျင်ရလွန်း၍ မိမိကို အသက်ပေးခဲ့သည့် မိခင်ကိုပင် အသက်နှုတ်ပေးပါဟု ငိုယိုတောင်းပန်နေရသည်။


ပညာသင်ကြားဖို့ ကျောင်းသို့လာခဲ့သော ပန်းလေးအချို့ အိမ်မပြန်နိုင်ကြတော့။ အချို့မှာလည်း သွေးစက်လက်နှင့် သေကျေဒဏ်ရာရခဲ့သည့် အတန်းဖော်များ ဆရာဆရာမများကြားမှာပင် ချိန်ရွယ်ထားသော သေနတ်များအောက် ခေါင်းငုံ့နေရသည်။


စာသင်ကျောင်းလေးသည် မိမိရင်ခွင်မှ ပန်းပွင့်ငယ်များကို ကျည်ဒဏ် လက်နက်ကြီးဒဏ်များမှ မကာကွယ်ပေးနိုင်ခဲ့။ ခုံတန်းငယ်များသည် ဝင်ရောက်ပုန်းအောင်းဖို့ သေးငယ်လွန်းနေသည်။ သီချင်းသံများနှင့် သာယာနေရမည့် အလှဆုံးနေရာသည် ယုတ်ညံ့မိုက်ကန်းမှုတွင် လိုက်ဖက်ညီသော စကားလုံးရှာမရလောက်အောင် ဆိုးဝါးလွန်းသည့် စစ်မိစ္ဆာအာဏာရူးများကြောင့် ငိုသံများနှင့်သာ ကျန်နေရစ်ခဲ့သည်။

နွေဦးတော်လှန်ရေးဝတ္ထုတိုများWhere stories live. Discover now