သူမ

603 82 4
                                    

သူမ၏ အမည်ရင်းကို အသုံးမပြုဖြစ်ခဲ့တာ ကြာခဲ့ပြီ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ဆန္ဒပြပွဲများတွင် စတင်ပါဝင်ချိန်ကတည်းက သူမသည် ကျောင်းတက်ဖို့၊ စျေးဝယ်ထွက်ဖို့၊ သင်တန်းတက်ဖို့ အာရုံရှိနေသူ အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးငယ်လေး မဟုတ်တော့။ မိဘဆွေမျိုးများ၊ သူငယ်ချင်းအသိုင်းအဝိုင်းများက သိထားသူတစ်ယောက်လည်း မဟုတ်တော့။ ပညာဆည်းပူးနေသော တက္ကသိုလ်ကျောင်းသူတစ်ယောက်ဘဝမှ တော်လှန်ရေးလူငယ်အဖြစ် ကျေနပ်စွာ ခံယူချိန်မှာ မိိမိကို ကိုယ်စားပြုမည့် အခြားအမည်တစ်ခုကို မဖြစ်မနေ ကိုယ်တိုင် ရွေးချယ်ဖြစ်ခဲ့သည်။

သူမ ရွေးချယ်ခဲ့သော ထိုအမည်သည် သန်မာသောအမျိုးသမီးတစ်ဦးကို ကိုယ်စားပြုသည်။ ခေါ်ရ မှတ်ရလွယ်သည်။ လူငယ်များကြား အလွယ်တကူ အသုံးပြုနိုင်သည်။

အစောပိုင်းကာလများတွင်တော့ သူမသည်လည်း အများနည်းတူ အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြခြင်းသက်သက်သာ။​ နိုင်ငံရေးခံယူချက်၊ တော်လှန်ရေး သဘောထားများ ပြင်းထန်ခဲ့သည်မဟုတ်။ အာဏာသိမ်းလူစုသည် တစ်ကမ္ဘာလုံးကဆန့်ကျင်ပြီး တစ်နိုင်ငံလုံးကလက်မခံလျှင် အာဏာပြန်လွှဲလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် ဆန္ဒပြပွဲများ နေ့စဥ်ရက်ဆက် မပြတ်ရအောင် သူမတို့အတူ ကြိုးစားခဲ့ကြသည်။

နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိဖို့၊ တော်လှန်ရေးလုပ်ဆောင်ချက်များ မရပ်တန့်သွားဖို့ ဘာတွေလုပ်ရမလဲ၊ ဘာတွေလုပ်လျှင် စိတ်ဝင်စားစရာကောင်းလိမ့်မလဲဆိုသည့် အတွေးများနှင့် တော်လှန်ရေးလမ်းကို အစပြုခဲ့သည်။ အထူးသဖြင့် ပြည်သူများအကြား သွေးမအေးသွားစေရန်နှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆုံးရှုံးမှုများကို သဘောပေါက်စေရန် အောက်ခြေလူထုဆီ သတင်းရောက်စေဖို့ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။

ဖန်တီးမှုများကို နှစ်သက်သည့်၊ သစ်လွင်သော အတွေးအခေါ်ရှိသော လူငယ်များနှင့်အတူ မိမိတို့ဆန္ဒနှင့် သဘောထားများကို နေ့စဥ်ဖော်ထုတ်ခဲ့ကြသည်။ CDM လုပ်ဖို့ နှိုးဆော်ရုံသာမဟုတ်ခဲ့။ CDM လုပ်သားများကို မည်သို့ပံ့ပိုးနိုင်မည်နည်းဟူ၍ တွေးပူခဲ့ကြသည်။ မိခင်ချက်ပြုတ်ပေးသော ထမင်းနှင့်ဟင်းကို အသင့်ခူးခပ်စားရုံဘဝမှ မမြင်ရသော၊ မသိရသော လူပေါင်းများစွာအတွက် မိမိတွင် တာဝန်ရှိသည်ဟု ခံယူခဲ့သည့်အချိန် အပြောင်းအလဲများစွာကို ရင်ဆိုင်ဖို့ရန် အသင့်ဖြစ်နေခဲ့ပြီ။

နွေဦးတော်လှန်ရေးဝတ္ထုတိုများWhere stories live. Discover now