လေစုန်ကိုဆန်

194 37 3
                                    

ဆူညံနေသော လက်နက်သံများကြားမှ အော်ခေါ်သံကို ဗုံးခိုကျင်းထဲမှ သူတို့တွေ ကြားလိုက်ရသည်။ ချက်ချင်းပြေးထွက်၍မရ။ ခေါင်းဖော်တာနှင့် လေကိုခွဲကာ ဖြတ်ပြေးသော ကျည်ဆံများက ဆီး၍ကြိုသည်။ လက်နက်ကြီးသံ၊ လက်နက်ငယ်သံ၊ လေယာဥ်သံ ဒါတွေကိုလည်း ခွဲခြားသိဖို့ခက်သည့်အချိန်။ ဗုံးခိုကျင်းထဲမှာ ခေါင်းကိုပုကာ ဝပ်ထားသည်။ မလိုအပ်ဘဲ အသက်ပါအောင့်ထားမိသည်လားမသိ။

"တစ်ယောက်ထိထားတယ်၊ ဆွဲဦး၊ ဆွဲဦး"

တစ်စုံတစ်ဦး၏ အော်သံ။ အရာရာသည် ဖုန်မှုန့်၊ ယမ်းမှုန်များကြား မသဲမကွဲ။ တိုက်ပွဲရပ်သည်ထိ သူတို့တွေ ထပ်စောင့်၍ မရ။ ကျည်ဆံကြားမှာပင် လူနာကို ပြေးဆွဲရမည်။ အခြားသူတစ်ဦး အသက်ရှင်ဖို့ရန် စက္ကန့်တိုင်းသည် အရေးကြီးနေချိန်မို့ မိမိတို့အသက်အန္တရာယ်ကို ငဲ့ညှာနေ၍ မရ။ ဗုံးခိုကျင်းပြင်ပမှ လေသည် ယမ်းနံ့၊ သွေးနံ့များနှင့်အတူ အော်သံ၊ ညည်းသံ၊ ဆဲဆိုသံများနှင့် ရောထွေးလျက်။

"မအေလိုးတွေ.. သေစမ်း..... ငါလိုးမသား စစ်ခွေးတွေ"

"ဘယ်မှာလဲ"

"ငုံ့ထား၊ ငုံ့ထား.."

"ဘယ်မှာလဲ၊ ဘယ်မှာထိထားလဲ"

"ရှေ့မှာ၊ ဟိုအပင်နားမှာ"

"ဟေ့.. ဒီမှာ.. ဒီမှာ.."

လူကိုမမြင်ရ။ အသံကြားရာသို့ ခါးကိုကိုင်း၊ ခေါင်းကိုငုံ့ကာ သူ ပြေးသည်။ ချွေးများနှင့် ရွှဲကပ်နေသော ယူနီဖောင်းဝတ်စုံသည် ကျောမှာကပ်၍နေပြီ။ တဒိန်းဒိန်းသွေးတိုးသံသည် အမြန်ဆုံး လူနာဆီရောက်ဖို့ စွမ်းအားကိုပေးသည်။ လက်နက်ကြီး လက်နက်ငယ်သံများထက် လူနာ၏အော်သံက မိမိနားထဲမှာ ပိုကျယ်လောင်နေသလို။ သစ်ပင်နောက်မှ ကျောကပ်နေသည့် တော်လှန်ရေးရဲဘော်က ညာဘက်ခြမ်းကို အလောတကြီး ညွှန်ပြသည်။

"ဟာ.."

တွေ့လိုက်ရကတည်းက အခြေအနေမကောင်းဘူးဆိုတာကို ချက်ချင်းနားလည်သည်။ ဒဏ်ရာရရဲဘော်၏ မျက်နှာတစ်ခုလုံး သွေးချင်းချင်းရဲနေပြီ။ ညည်းညူသံပင် မပီပြင်ဖြစ်နေကာ မျက်ဖြူလန်ချင်နေပြီ။ သူ တတ်မြောက်ထားသော ရှေးဦးသူနာပြုစုခြင်းများကို ယခုနေရာမှာ အသုံးပြု၍မရ။ လက်ရှိသူ တတ်နိုင်သည်မှာ ဒဏ်ရာရရဲဘော်ကို အမြန်ဆုံး ဆေးရုံပို့ပေးရန်ဖြစ်သည်။ လူနာ၏ ချိုင်းအောက်ကို လက်နှစ်ဖက်သွင်းကာ မြေပြင်ပေါ် တောက်လျှောက်ဆွဲသည်။ တုန်ခါနေသော အသက်ရှူသံပြင်းပြင်းကြားမှ ညည်းညူသံကြောင့် မည်မျှနာကျင်နေမည်ကို နားလည်သည်။

နွေဦးတော်လှန်ရေးဝတ္ထုတိုများWhere stories live. Discover now