ဗမာသူပုန်

385 77 4
                                    

"ကရင်သူပုန်" ဆိုသည့် အသုံးအနှုန်းသည် မနောချိုဆိုသော မိန်းကလေးတစ်ယောက်အတွက် အထူးအဆန်း မဟုတ်ခဲ့။ တိုင်းရင်းသား လက်နက်ကိုင်များသည် သူပုန်များဖြစ်ပြီး ငြိမ်းချမ်းနေသောတိုင်းပြည်ကို ဖျက်ဆီးနေကြသူများဟု ထင်ခဲ့မိသည်။ မိဘများကိုယ်တိုင်သည်လည်း ပြည်သူပိုင်ကို တပ်မတော်ပိုင်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော ခေတ်ကာလတွင် နေထိုင်ခဲ့ကြသူများပီပီ စစ်တပ်၏ လုပ်ကြံသတင်းများကို အပြည့်အဝ လက်ခံခဲ့သည်။

ပြည်မတွင်ကြီးပြင်းခဲ့သော ဗမာမလေး မနောချိုသည် သူမ နှစ်သက်မြတ်နိုးသည့် အလုပ်ကို လုပ်ကိုင်ခွင့်ရစေရန် ပညာသင်ကြားခဲ့သည်။ လေ့လာမှုများစွာနှင့် ပြင်ဆင် အချိန်ယူခဲ့သည်။ ထူးချွန်သော သမီးမိန်းကလေးတစ်ယောက်ဖြစ်၍လည်း မိဘများက အားကိုးချီးကျူးခဲ့ကြသည်။ ပညာစုံချိန် အစိုးရဝန်ထမ်းဘဝကို ရွေးချယ်ခဲ့ချိန်မှာလည်း ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်သည်ဟူသော ဝါဒဖြန့်မှုကို ကြားရစဥ်က ပေါ့ပေါ့လေးသာ သဘောထားခဲ့သည်။ မယုံကြည်ခဲ့သော်လည်း စိုးရိမ်ရမည် မထင်ခဲ့။ မသမာမှုများနှင့်သာ တစ်ဖက်နိုင်ငံရေးပါတီကို တိုက်ခိုက်တတ်သည့် လူယုတ်များ၏ ညည်းညူသံသက်သက်ဟု သဘောထားခဲ့မိသည်။ သို့သော် အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ချိန်မှာတော့ မယုံရဲ၍ မရတော့။ မိမိသည် မည်သူ့အတွက် အလုပ်လုပ်ပေးနေသလဲ။ မည်သည့်အတွက် ပညာသင်ခဲ့တာလဲဆိုသည့် မေးခွန်းများနောက်မှာ CDM ဝန်ထမ်းတစ်ဦးအဖြစ် ရပ်တည်ဖို့ ရဲရင့်စွာ ရွေးချယ်ခဲ့သည်။

မိဘများသဘောမတူသည့်ကြားမှပင် ဘဝတွင် အစွန့်စားဆုံးလမ်းကို လျှောက်ဖြစ်ခဲ့သည်။ အကြမ်းဖက်စစ်တပ်နှင့် နီးစပ်ရာဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် သူမအတွက် အန္တရာယ်ကြီးခဲ့သည်။ မြို့ပြတွင်လည်းကောင်း၊ မိမိအိမ်တွင်လည်းကောင်း မည်သို့မှ ဆက်နေ၍ မရမည့်အခြေအနေမျိုးတွင် လွတ်မြောက်နယ်မြေသို့ မသွား၍မဖြစ်တော့သည်ကို နားလည်ခဲ့သည်။

အမျိုးသမီးတစ်ဦးတည်း စွန့်စားထွက်ခွာလာခဲ့သည့် ခရီးလမ်းဖြစ်သည်။ အချိတ်အဆက်များ၏ လမ်းညွှန်မှုနောက်မှာ တစ်မြို့ပြီးတစ်မြို့၊ တစ်ဒေသပြီးတစ်ဒေသမှာ ရွှေ့ပြောင်းခဲ့ရသည်။ ရောက်ရှိသောနေရာသည် ရက်ပိုင်းအတွင်းမှာပဲ စစ်ဖြစ်သွားနိုင်သည်။ တစ်နေရာရောက်ပြီး အနားမယူရသေးခင်မှာပဲ ထိုဒေသသည် မလုံခြုံနိုင်တော့၍ နောက်ခရီးကို စ, ရသည်။ တိုင်းရင်းသားများ၏ မလုံခြုံမှုနှင့် ဆင်းရဲဒုက္ခများကို ကိုယ်ချင်းစာတတ်ခဲ့သလို ပြည်မနှင့်ယှဥ်လျှင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဖက်ဖက်မှ နိမ့်ကျနေခဲ့ရသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ဘဝကို နားလည်စာနာတတ်ခဲ့သည်။

နွေဦးတော်လှန်ရေးဝတ္ထုတိုများWhere stories live. Discover now