အချပ်ပို

53.3K 5.6K 845
                                    


ကျော်ဇေယံထွဋ်သည် နောက်ဖေးပေါက်မှဆင်းလို့မလုံမလဲဖြင့်နောက်သို့လှည့်ကြည့်လိုက်ကာ၊အိတ်ကပ်တွင်းမှ အနည်းငယ်ကြေနေပြီဖြစ်သော Ruby တစ်လိပ်အားထုတ်ကာမီးညှိလိုက်၏။

ယားယံနေသောလည်ချောင်းသည် ခါးသက်သက်အငွေ့တို့ဖြတ်လျှောက်သွားသည်နှင့်နေရအဆင်ပြေလာခဲ့သည်။

ဆေးလိပ်တစ်ဝက်လောက်ကုန်တဲ့အခါ၊နှမြောတသစွာဖြင့်နင်းခြေကာလှည့်အထွက်၊အနောက်တွင်ရှိနေသောအရိပ်လေးကြောင့် သူ့မှာနေရအခက် ။

မသိအောင်ခိုးသောက်ပါတယ်ဆိုမှ။

" နွေး ကိုယ် .. "

နွေးသည်မည်သည်မှမပြော၊ခေါင်းလေးတချက်စောင်းလို့ကျော်ဇေယံထွဋ်ထံ ခပ်စူစူလေးစိုက်ကြည့်လာချေ၏။

လွန်ခဲ့သည့်နှစ်တချို့က ဆေးလိပ်အားမှီဝဲရင်း ကျော်ဇေယံထွဋ် အနည်းငယ်စွဲသွားခဲ့သည်။ တဖြည်းဖြည်းချင်းဖြတ်ယူခဲ့သော်လည်း ချဥ်တင်တင် ခံတွင်း၊တခါခါနေမထိထိုင်မသာယားယံလာလေ့ရှိသောလည်ချောင်းကြောင့် တစ်လိပ်၊တစ်လေမျှတော့သောက်မိသေး၏။

ထိုနေ့က နွေး ဟာ သတင်းတွေလျှောက်ကြည့်ရင်း ' ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ' ခေါင်းစဥ်နှင့် အစီစဥ်အားကြည့်ပြီးနောက် ညင်သာစွာအမိန့်ချလာသည်မှာ..

" ကို .. ကိုကို ဆေး..ဆေးလိပ် ၊ ဆေးလိပ်ထပ် မသောက်ရ.. ဘူး "

ထိုစဥ်မှစ၍ ကျော်ဇေယံထွဋ် ဆေးလိပ်အားပေါ်တင်မသောက်ရဲတော့ချေ။ နဂိုကတည်းကသောက့်လေ့မရှိ၊ သောက်တော့လည်းနွေးရှိတဲ့နေရာဆိုသူဆေးလိပ်မရိူက်ဖွာတတ်ပေ ။

မကောင်းမွန်သည့် လေထုဖြင့်တောင်၊သူ့ပန်းစံပယ်လေးအား မရူရိူက်စေလိုပါချေ။

" တစ်လိပ်တောင်အပြည့်မဖွာလိုက်ပါဘူးနွေးရာ၊ မယုံရင် ဟိုမှာကြည့် "

မြေကြီးပေါ်တွင် ဖိချေခံထားရသော စီးကရက်သည် ထိပ်ပိုင်းအနားတို့ကြေလို့၊ဆေးလိပ်ငွေ့နံ့တွေမှာပတ်ဝန်းကျင်တွင်ရှိနေဆဲ။

နွေးသည် ခေါင်းလေးစောင်းသွား၏။ ပြီးနောက်ကျော်ဇေယံထွဋ် မျက်ဝန်းဝိုင်းဝိုင်းတွေဖြင့်မော့ကြည့်လာသည်မှာ၊ ဖိညှစ်ကာကိုက်ချင်စဖွယ်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now