နာရီသံ တစ်ချက်ချက်ကို အသေအချာ ကြားနေရ၏။ ခေါင်းက စူးခနဲ ကိုက်ခဲနေသည်မို့ မျက်မှောင်ကြုပ်ကာ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ထားလိုက်သည်။
ရှင်းလင်းနေသည့် ခရမ်းနုရောင် မျက်နှာကြက်. . တစ်ခန်းလုံးက ခရမ်းနုရောင် ခပ်ဖျော့ဖျော့ကလေး ဖြစ်နေ၏။
စိမ်းသက်နေတဲ့ အနေအထားကြောင့် မျက်လုံးတွေ စုံဖွင့်ကာ အားယူထလိုက်မိသည်။
တကယ်ကို ဘယ်ရောက်မှန်း မသိတဲ့ ခပ်စိမ်းစိမ်း အခန်းထဲကို ရောက်နေခဲ့ခြင်းပါဘဲ. .
သိပ်ကို မုန်းစရာကောင်းလွန်းပါသည့် anemone တွေကို ပန်းအိုးထဲ အပြည့်ထိုးထားကာ စားပွဲပေါ်မှာ တင်ထား၏။
ဒီ ပန်းတွေကို မြင်လိုက်တာနဲ့ တန်းပြီး အမှတ်ရမိပြန်သည်။ ထပ်ပြီး မမြင်ချင်လွန်းတဲ့ ဟိုကောင်လေး ပါဘဲ. .
"အော နိုးလာပြီလား "
ရေခရားလေးရယ် ဖန်ခွက်တွေနဲ့ ဗန်းလေးကို ကိုင်ကာ တံခါးကို ဖြည်းဖြည်းချင်းဖွင့်ရင်း ဝင်လာ၏။
"ဒါက ဘယ်လဲ "
ကုတင်ပေါ်မှ ဆင်းကာ အခန်းတံခါးကို ဆွဲဖွင့်နေသည့် ကျွန်တော့်ကို လှမ်းပြောသည်။
"အိမ်ပြန်မလို့ "
နည်းနည်းလေးတောင် ဂရုမစိုက်ပါဘဲ ဗန်းကလေးကို စားပွဲပေါ် အသာအယာချရင်း ကုလားထိုင်မှာ ခပ်ငြိမ့်ငြိမ့်လေး ထိုင်နေ၏။
"ဒီကနေ ဘဲ အရင်ထွက်လို့ရအောင် ကြိုးစားကြည့်ပါဦးလား "
အမြင်ကပ်စရာကောင်းလွန်းသည့် အပြုံး. . တံခါးကို ဆောင့်ပိတ်လိုက်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
တစ်ထပ်၊ နှစ်ထပ် ၊ သုံးထပ် . . .
လှေကားအတိုင်း ဆင်းလာလိုက်ပြီး လျှောက်လမ်းအတိုင်း လျှောက်လာလိုက်သည်။ နောက်ထပ် ထပ်တွေ့ပြန်သည့် လှေကားတွေ. . လျှောက်လမ်းတွေ အကွေ့အကောက်တွေကြားထဲ ရှုပ်ထွေးကုန်ရလို့ လမ်းပျောက်လို့နေတော့သည်။
"ပြောသားဘဲ ဒီက မထွက်နိုင်ပါဘူးဆို "
အနောက်မှ ရောက်လာသည့် သူက ချွေးတွေရွှဲကာ ခေါင်းရှုပ်နေသည့် ကျွန်တော့်ကို လှောင်ရယ်နေတော့သည်။