စာအုပ်စင်ကြီးထဲမှ စာအုပ်တွေအား မြွေရေခွံအိတ်ဖြင့်သေချာထုတ်ပိုးလိုက်၏။
စာအုပ်တော်တော်များများမှာ ဆရာမြသန်းတင့်နှင့်ဆရာလယ်တွင်းသားစောချစ်၏စာအုပ်တွေသာဖြစ်သည်။ကျောင်းဘဝကတည်းကစာအုပ်တွေမို့ အစက်အပြောက်တွေဖြစ်တာကလွဲရင် အခေါက်အတွန့်ပင်မရှိ၊ အမေကသေချာကိုပင်သိမ်းဆည်းထားပေးတာဖြစ်၏။
ထိုစာအုပ်စင်ကြီး ခြ စားနေတာလည်းမြင်ရော ဒေါ်မြင့်မှာအထိတ်တလန့်ဖြင့် သားတော်မောင်ကိုခေါ်၍ စီစဥ်ခိုင်းတော့သည်။
" ပိတောက်အိုလမ်းထိပ်မှာ စာကြည့်တိုက်သေးသေးလေးရှိတယ်၊ အဲ့ကိုသွားလှူလိုက်မယ်အမေ "
" မဖတ်တော့မှာသေချာရင် လှူလိုက်ပေါ့"
>>>>>>
" နွေးရေ ဘယ်မှာလဲ "
နေသက်နွေးမှာ ခြံထောင့်နားတွင် ချဥ်ပေါင်ကိုင်းများစိုက်နေ၏။ လက်ထဲတွင်သံလက်တစ်ချောင်းဖြင့် မျက်နှာတွင်လည်း ရွံမြေတွေပေကပ်နေလေသည်။
"ပေသလူးနေတာပဲကွာ "
နွေးကတော့ ခေါင်းလေးစောင်းရင်းထရပ်လိုက်ချေသည်။ မြေစေးတွေပေနေသည့်လက်ဖြင့် ကုတ်တော့မည့်ဟန်ပြင်တော့ ကျော်ဇေယံထွဋ် လှမ်းတားရသေးသည်။
ချောကလပ်အရည်ထဲပြုတ်ကျထားသည့်မလိုင်ခဲလေးဖြစ်တော့မည်။" ချဥ်ပေါင်ကိုင်းတွေလား၊ ပင်ပန်းအောင်ကွာ၊တစ်စည်းငါးဆယ်၊တစ်ရာကိုကပ်စေးနည်းနေပြန်ပြီ "
အရွက်ခြွေပြီးသားချဥ်ပေါင်ကိုင်းတွေမြေစေးတွင်ပြန်စိုက်လျှင်အရွက်တွေထွက်ကြောင်း သိပါသော်လည်း ကရိကထများတာကြောင့်ဘယ်သူမှမစိုက်။ သည်ကောင်လေးကို ဘယ်သူပြောပြလိုက်သလဲမသိ၊ချက်ချင်းကြီးကိုထလုပ်နေတာပင် ။
အရွက်တွေသာထွက်လာလျှင် မခူးရက်၊မထိရက်နဲ့ ထိုင်ကြည့်နေမှာမြင်ယောင်သေး၏။
နေသက်နွေးမှာ ဆိုင်ကယ်ပေါ်မှအထုတ်ကြီးအားမြင်သည်နှင့်စူးစမ်းသလို ကျော်ဇေယံထွဋ် အားမော့ကြည့်လာချေသည်။