(၁)

701 33 5
                                    

(UNICODE)

🌙🌸🌕

မနက်ဖြန်၊ သန်ဘက်ဆိုလျှင် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်အခါသမယကို ရောက်ရှိတော့မည်ဖြစ်သောကြောင့် သာယာကုန်းရွာရှိ ရွာသူရွာသားအပေါင်းမှာ ပျော်ပွဲရွှင်ပွဲ၊ ဘုရားရေးတရားရေးနှင့် ကုသိုလ်ရေးတွေအတွက် လှုပ်လှုပ်ရှားရှားဖြစ်နေကြ၏။

ရပ်ရေးရွာရေး၊ ပျော်ပွဲရွှင်ပွဲဆိုလျှင် ဒိုင်ခံနှိုးဆော်တတ်သူဖြစ်သည့် သာယာကုန်းရွာ၏ရွာ့မျက်နှာဖုံး ဦးတိုး၏အိမ်မှာဖွင့်ထားသည့် ပွဲတိုင်းကျော် မိုက်(၅)လုံးဆီမှ "ငယ်ကျွမ်းဆွေ"သီချင်းနဲ့ "သီတင်းကျွတ်ခဲ့ပြီကွယ်"သီချင်းတို့ကတစ်လှည့်စီ ရွာလယ်ကနေ ရွာတစ်ဝန်းလုံးဆီသို့ လွင့်ပျံ့နေလေ၏။ သို့ကြောင့် ရွာသူရွာသားတွေဟာဖြင့် ဟိုဟာလေးလုပ်လည်း သီချင်းလေးတမြမြ၊ ဒီဟာလေးလုပ်လည်း သီချင်းလေးတညည်းညည်းနဲ့ လမ်းလျှောက်လျှင်တောင် ခြေဖဝါးဟာ မြေကြီးနဲ့မထိ မြောက်ကြွမြောက်ကြွဖြစ်နေသည့်နှယ် အားလုံးက မြူးကြွနေပေတော့၏။

မနက်ဖြန်ညနေ ဆွမ်းတော်ကြီးကပ်အတွက် နှိုးဆော်သူကနှိုးဆော်၊ ကုသိုလ်ပြုပါဝင်ကြမည့်သူများကလည်း နိဗ္ဗာန်ဈေးမှာ မည်သို့မည်ပုံ ပါဝင်ကြမည်ဟု ကြွေးကြော်ကြလျက်ရှိ၏။ ထို့အပြင် တန်ဆောင်တိုင်နှင့်ဘုံကထိန်ကို မည်သည့်ရက်မှာ ကျင်းပကြမည်လဲ၊ ဘယ်ဆိုင်းဝိုင်းကိုငှားကြမည်လဲ၊ မည်သို့မည်ပုံ စီစဉ်ကြမည်လဲဆိုတာကိုပါ ဆွေးနွေးစကားပြောကြတာကြောင့် ရွာလယ်တန်ဆောင်းနှင့် ရွာဦးဘုန်းကြီးကျောင်းမှာတော့ ဘုရားဒကာ၊ ကျောင်းဒကာနှင့် ဂေါပကလူကြီးတွေ၊ ကာလသားခေါင်းဆောင်တွေဟာလည်း ခြေချင်းလိမ်နေတတ်ပေတော့၏။

ထို့အတူပဲ "လွတ်သွားသည့်နွားဟာ သုံးနှစ်ကြာလျှင်တောင် ချည်တိုင်ကိုမမေ့ဘူး"ဆိုသလို နယ်ရပ်အဝေးကို ရောက်နေကြသူများကလည်း အစိုးရရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်လေးမှာ ကိုယ့်မွေးရပ်ချက်မြှုပ် ဇာတိရပ်ရွာကလေးတွေဆီ ယမန်နေ့တွေကတည်းက အသီးသီးပြန်လာကြလျက်ရှိလေ၏။

မိဘဆွေမျိုးရင်းခြာတွေနဲ့ ပြန်လည်ဆုံစည်းကြကာ ကန်တော့ကြ လက်ဆောင်တွေပေးကြသလို၊ ငယ်ပေါင်းငယ်ဖော်တွေနဲ့လည်း ဟိုတစ်အိမ်၊ သည်တစ်အိမ်ကူးလျက် လည်နေကြသူတွေကြောင့် ရွာရိုးတစ်လျှောက် အိမ်တိုင်းလိုလို အမြဲ ဧည့်သည်မပြတ်ပေ။ သို့ကြောင့် အိမ်ရှေ့ကွပ်ပျစ်ကလေးတွေရှိ ထန်းလျက်ခဲပန်းကန်၊ လက်ဖက်ပန်းကန်နဲ့ ရေနွေးကြမ်းအိုးကလေးတွေကတော့ နေ့ညမပြတ် ဒိုင်ခံ ဧည့်ခံနေရသည့် ဧည့်ဝတ်အကျေဆုံးသူကလေးတွေပင်ဖြစ်လို့နေလေရဲ့။

"လရောင်နမ်းမှ မွှေးသည့်ပန်း" ✔️Where stories live. Discover now