(၇)

139 16 4
                                    

UNICODE

🌙🌸🌕

ထိုတစ်နေ့လုံး ဦးမှိုင်းလုံးတို့အိမ်သည် တိတ်ဆိတ်လျက်ရှိနေလေ၏။

မုဒြာကလည်း လရောင်ကို မျက်နှာချင်းမဆိုင်တော့ပေ။ လရောင်ကတော့ စကားပြောခွင့်ရဖို့ ကြိုးစားပါသော်လည်းပဲ မုဒြာဟာ ရှောင်ဖယ်နေခဲ့သည်။ တကယ်အခွင့်အရေးရှိလာချိန်ကျတော့လည်း (၃)နာရီဆိုလျှင် နိဗ္ဗာန်ဈေးစတော့မှာဖြစ်သည့်အတွက် ပြင်ဆင်စရာ၊ ကြီးကြပ်စရာတွေရှိသည်ဟူ၍ ထင်လင်းနှင့် ရွှေမိုးတို့တစ်စုက လရောင်ကိုလာခေါ်တာကြောင့် လရောင်ဟာ မသွားချင်ပေမယ့်လည်း ကာလသားခေါင်းဆောင်လည်းဖြစ်၊ သူကြီးလောင်းအလျာလည်းဖြစ်လေတော့ သူမပါလျှင် မကောင်း၍ လိုက်သွားခဲ့ရ၏။

လရောင် အိမ်ကနေထွက်သွားပြီဆိုမှ မုဒြာဟာ အိမ်ရှေ့ကို ထွက်လာဖြစ်ပေ၏။
သို့သော် ဒေါ်နှင်းနုနဲ့‌မျက်နှာချင်းဆိုင်ရပြန်လေတော့ သူ့မှာ နေရခပ်ကြပ်ကြပ်။

သို့ပေမယ့်လည်း ဒေါ်နှင်းနုဟာ သူ့ကို အကဲခတ်သည့်မျက်ဝန်းတွေနဲ့သာ တစ်ခါတစ်ခါကြည့်တတ်ပြီး သူစိတ်ကျဉ်းကြပ်စေမှာမျိုး ဘာမှမဆိုလာပေ။
ထို့အစား ယမန်နေ့ကလိုမျိုး သက်တောင့်သက်သာရှိလှသည့်လေသံအေးအေးလေးနဲ့ပဲ စကားဆိုလေ၏။

"ဆရာလေး နိဗ္ဗာန်ဈေး သွားမကြည့်ချင်ဘူးလား"

"ခင်ဗျာ..."

ဒေါ်နှင်းနုစကားတစ်ခွန်းပြောတယ်ဆို မုဒြာမှာ စိုးထိတ်နေမိ၏။

သို့ပေမယ့်လည်း ဒေါ်နှင်းနုက တည်ငြိမ်သည့်အပြုံးနဲ့ပဲ
"ဆရာလေးတို့ဘက်မှာ နိဗ္ဗာန်ဈေးလုပ်ကြသလား၊ နိဗ္ဗာန်ဈေးမတိုးဖူးရင် တစ်ခါလောက်တော့ သွားတိုးကြည့်ချည်ပေါ့၊ ‌ကလေးလူကြီး အကုန်တိုးကြတာမို့ ရှက်စရာမလိုဘဲ ပျော်စရာတောင်ကောင်းသေးတာ"

တကယ်တော့ မုဒြာမှာ နိဗ္ဗာန်ဈေးမှာ သွားတိုးပြီးပျော်ဖို့ကို အာရုံမရောက်နိုင်။
ဒေါ်နှင်းနုဟာ သူနဲ့လရောင်အခြေအနေကို ရိပ်စားမိပါလျက်၊ မနက်ကလည်း သူ့ကိုသတိပေးသယောင်စကားတွေပြောခဲ့ပါလျက် အခုတော့ ချိုသာစွာဆိုနေပုံက ဒေါ်နှင်းနုဘာတွေးနေသလဲ မုဒြာ မစဉ်းစားဘဲ မနေနိုင်ချေ။
ဒါကြောင့် အတွေးများလျက်သားဖြင့် ခေါင်းလေးသာ အသာညိတ်ပြမိလေ၏။

"လရောင်နမ်းမှ မွှေးသည့်ပန်း" ✔️Where stories live. Discover now