(၆)

151 17 4
                                    

UNICODE

🌙🌸🌕

.

နောက်ကျောဘက်ဆီမှ ပြတ်သားစွာထွက်ပေါ်လာသည့်စကားကြောင့် ဦးမှိုင်းလုံးနှင့်နှိုင်းမှာ ဆတ်ကနဲလှည့်ကြည့်မိလေ၏။

"တော်လက်ခံပေမယ့် ကျုပ်ကတော့ လက်မခံနိုင်ဘူး"

မျက်နှာထားတည်တည်နဲ့အနားမှာ လာဝင်ထိုင်သည့်ဒေါ်နှင်းနုကို နှိုင်းကတော့ သတိချပ်ပြီးငြိမ်ငြိမ်ကလေးကြည့်နေမိသလို၊ ဦးမှိုင်းလုံးကလည်း အကဲခတ်ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်၏။

"လက်မခံနိုင်ဘူးဆိုတော့ နှင်းက ဘယ်လိုမြင်မိလို့တုံး နှင်းရဲ့"

ဦးမှိုင်းလုံးက စကားစပြီးမေးလိုက်တော့ ဒေါ်နှင်းနုက မျက်နှာကိုတည်ထားလျက်သားနဲ့ အနည်းငယ်မေးမော့လိုက်ပြီး ပြန်ဖြေ၏။

"အို ကျုပ်ကတော့ ကျုပ်သားသမီးတွေကို လူမှန်နေရာမှန်ပဲရောက်စေချင်တယ်၊ မဖြစ်သင့်‌တာကို ရူးရူးနှမ်းနှမ်း လုပ်ခွင့်မပြုနိုင်ဘူး၊ ဘယ့်နှယ်တော်... ကိုယ်က မိန်းကလေးဆို မိန်းကလေးလိုပဲနေရမှာပေါ့၊ ယောက်ျားလေးဆိုလည်း ယောက်ျားလေးလိုပဲနေ၊ ယောက်ျားလေးလိုပဲ ပြောဆို၊ ပြီးရင် မိန်းမကောင်းနဲ့လက်ထပ်ပြီး မျိုးရိုးဂုဏ်ကို စောင့်ထိန်းရမှာ‌ပေါ့၊ အဓိပ္ပာယ်မရှိတာ"

သဘောထားကို မပြောင်းလဲနိုင်သလို ထုတ်ပြောလိုက်ချိန် ဦးမှိုင်းလုံးက သက်ပြင်းခိုးချပြီး မိန်းမဖြစ်သူကို ‌နားချဖို့ကြိုးစား၏။

"ကိုယ်ဖြစ်စေချင်သလိုပုံသေတစ်သမတ်တည်း စံနှုန်းတွေနဲ့ လူတိုင်းကို ထိန်းချုပ်လို့ရတာမဟုတ်ဘူး နှင်းရဲ့... သူတို့မှာလည်း သူတို့ခံစားချက်ရှိမှာပေါ့၊ သားသမီးတွေကိုလည်း ငါကမိဘပဲ၊ ငါခိုင်းတာလုပ်၊ ငါဖြစ်စေချင်တဲ့အတိုင်းပဲနေ၊ ငါပေးစားတဲ့သူနဲ့ပဲယူဆိုပြီး အတင်းဖိအားပေးတာမျိုးက ကောင်းတာမဟုတ်ဘူး၊ တခြားမပြောနဲ့... ဟိုမနှစ်က မိကြူကြူလေးကိုကြည့်စမ်း... ဘယ်လောက်သနားစရာကောင်းသလဲ၊ သူ့အမေက မြို့က သူဌေးတစ်ယောက်နဲ့အတင်းပေးစားတာလေ၊ သူ့မှာ မယူချင်တာကို ကျေးဇူးကျွေးနဲ့ကိုင်ပေါက်လိုက်၊ သူ့ချစ်သူ ဖိုးထောင်နဲ့မတူမတန်ဘူးလေးနဲ့ ပြောဆိုခံရလိုက်ဆိုတော့ အဆိပ်သောက်အဆုံးစီရင်သွားခဲ့တယ်မလား... ဒါတောင် မိန်းကလေးနဲ့ယောက်ျားလေးချစ်ကြိုက်တဲ့သူတွေဖြစ်နေလို့ ... အဲ့သလိုကလေးတွေတောင် အတင်းဖိအားပေး ‌နှိပ်ကွပ်နေရင် သူတို့က ပြိုလဲကုန်ကြတာ... သူမတူကွဲပြားနေတဲ့ကလေးတွေသာဆိုရင် ဘယ်လောက်တောင် အားငယ်သွားရှာမလဲ၊ စိတ်ဓာတ်ကျကုန်လေမလဲ... ဒီတော့ သူတို့ရဲ့ခံစားချက်ကိုလည်း နားလည်ပေးသင့်တာပေါ့... လူတိုင်းဟာ ပျော်ရွှင်ဖို့ထိုက်တန်ပါတယ်ကွာ... အထူးသဖြင့် မိဘတစ်ယောက်အနေနဲ့ဆိုရင် သားသမီးတွေကို ပိုလို့တောင် ပျော်ရွှင်ခွင့်ပေးရမှာမဟုတ်ကလား"

"လရောင်နမ်းမှ မွှေးသည့်ပန်း" ✔️Where stories live. Discover now