သီတင်းကျွတ်မှသည်တန်ဆောင်တိုင်သို့

532 46 2
                                    

#Unicode

"ကလေးမ....အဲ့ဒီမီးခြစ်ကကိုယ့်ရဲ့ဟာ။"

အနောက်ပါးမှထွက်လာသည့်ခေါ်သံကြောင့် တိမ်လွှာ လှည့်ကြည့်လိုက်ရသည်။

"ကျွန်တော့်ဟာပါနော်။"

ထိုလူကသူ့ခေါင်းထက်မှ ဆံနွယ်ပျော့စင်းစင်းထဲကို လက်ထိုးထည့်လျက် ဆွဲဖွာလိုက်သည်။ ထို့နောက် စိတ်ရှုပ်သွားဟန်ဖြင့် ထပ်မံဖြေရှင်းချက်ပေးလာသည်။

"ကိုယ်ကဆီးမီးထွန်းပြီး ဒီဘောင်ပေါ်မှာတင်ထားတာကို မင်းကယူသွားတာလေ။"

"ဟင်....ကျွန်တော်တင်ထားခဲ့တာပါနော်။ ခင်များကလည်း မီးခြစ်လေးတစ်လုံးအတွက်နဲ့များ။ ကဲပါ....အင့် လိုချင်လည်းယူသာထားလိုက်တော့။"

တိမ်လွှာ ထိုလူကြီးကို သေချာအကဲခတ်မိသည်။ အနည်းငယ်တော့ ရှူးရှူးရှဲရှဲဖြစ်သွားဟန်တူပြီး မျက်ခုံးထူထူနှစ်ဖက်က ထိလုမတက် ကွေးညွှတ်သွား၏။

စတစ်ကော်လံအဖြူကို ကျယ်သီးတစ်လုံးဖြုတ်လျက် တံတောင်ဆစ်အထိခေါက်တင်ထားပြီး ယောပုဆိုးအညိုလေးဖြင့် တည်ငြိမ်နေသည့်ရေပြင်နှင့်အလားသဏ္ဍာန်တူလှသည်။ ညဘက်ဖြစ်နေသည်ကတစ်ကြောင်း၊ မီးဆီးရောင်တဖျဖျအောက်တွင်ရောက်ရှိနေသည်ကတစ်ကြောင်းဖြင့် ထိုလူ၏မျက်နှာကိုတော့သေချာမကြည့်မိ။

"ကလေးမ...ကိုယ်ကမီးခြစ်တစ်ခုကို ကပ်သပ်နေတာမဟုတ်ဘူးကွ။ ကိုယ့်ပစ္စည်း၊ ကိုယ်တန်ဖိုးထားရတဲ့ပစ္စည်းမလို့။ ဒါကမင်းဟာဆိုရင်လည်း ကိုယ်မလိုချင်ဘူး။ ရှိစေတော့....ကိုယ့်ကို ခွင့်ပြုပါဦး။"

ထိုကဲ့သို့ပြောပြီး ကျောခိုင်းလှည့်ထွက်သွားလေသည်။

တိမ်လွှာမှာတော့ဖြင့် မလှုပ်မယက်ဖြင့် အတောင့်လိုက်ကလေးကျန်ခဲ့ရလေသည်။

"မိတိမ်လွှာ ရော့နင့်မီးခြစ်!"

"ဟင်"

"ဘာလဲ ကြောင်တောင်‌တောင်နဲ့!"

"ငါ့မီးခြစ်ကိုနင်ယူသွားတာလား။"

"အေးလေ....မီးပူဇော်ဖို့။"

တိမ်လွှာခေါင်းလေးငုံ့လျက် သူ့လက်ထဲမှမီးခြစ်အနီရောင်လေးကို ကြည့်နေမိ၏။

Oneshot Collections by NaykyarNgaWhere stories live. Discover now