Ep 1 (U)

16.2K 1.5K 89
                                    

"ကိုကိုက ဟိုးအဝေးက တိမ်တွေလိုပဲ... ငေးကြည့်ခွင့်ရပေမဲ့ ဖမ်းဆုပ်ခွင့်မရှိခဲ့ဘူး...ပြီးတော့ ကျွန်တော်ငေးကြည့်နေခဲ့ရတာကိုလည်း ကိုကို မသိခဲ့ဘူး...တိမ်တွေကိုငေးကြည့်ရင်း ပျော်ရွင်ရသလို...ကိုကို့ကို ငေးကြည့်ရင်းလဲ ကျွန်တော်ကြည်နူးခဲ့ရဖူးတယ်"

ထွန်းနိုင် အိုးစည်တောင်ပေါ်မှနေ၍ မြင်နေရသော တိမ်ပင်လယ်ကြီးကိုကြည့်ရင်း စိတ်ထဲကတွေးနေမိသည်။ ထွန်းနိုင်အတွက် ခက်ခဲတဲ့အလုပ်တွေထဲကတစ်ခုက အတိတ်တွေကို မေ့ဖျောက်ခြင်းပါပဲ။ နာကျင်နေတာမျိုးတော့ မဟုတ်ပေမဲ့ တမ်းတခြင်းကို အသားကျနေရုံမျှသာ။

ထွန်းနိုင် လက်မှနာရီကို ငုံ့ကြည့်လိုက်တော့ မနက်၆နာရီနဲ့ ၁၀မိနစ်ရှိပြီ။ အနွေးဂျာကင်အင်္ကျီရဲ့ ဇစ်ကို လည်ပင်းအထိဆွဲတင်လိုက်ပြီး တောင်အောက်ပြန်ဆင်းဖို့ပြင်လိုက်သည်။ ဆောင်းရာသီမနက်တွေမှာဆို ထွန်းနိုင်က အိုးစည်တောင်ပေါ်တက်ပြီး တိမ်ပင်လယ် လာကြည့်နေကျ။ ထွန်းနိုင်က တိမ်တွေကို သဘောကျသည်။ ဖမ်းဆုပ်ခွင့်မရှိဘဲ ငေးကြည့်နေရတာကို ခုံမင်နေခဲ့ရသူအတွက် တိမ်တွေကသာ အကောင်းဆုံးပြယုဂ်တစ်ခုမဟုတ်လား။

အိုးစည်တောင်ကဆင်းပြီး ကလောစျေးမှာ မနက်စာ ရှမ်းခေါက်ဆွဲနဲ့ ဟင်းထုပ်ဝင်ဝယ်ကာ အိမ်ကိုပြန်လာခဲ့လိုက်သည်။ မေမေက ခုလောက်ဆို ထွန်းနိုင်ကို မနက်စာစားဖို့ စောင့်နေလောက်ပြီ။

ထွန်းနိုင် ကားလေးကို အိမ်ရှေ့မှာထိုးရပ်လိုက်တော့ ထင်သည့်အတိုင်း မေမေက အိမ်ပေါက်ဝမှာ ရပ်နေပြီ။

"မေမေ ဗိုက်ဆာနေပြီလား"

"မဆာသေးပါဘူး အထွန်းရယ်...ခုနမှ ဘုရားရေချမ်းကပ်ပြီးတာ"

မေမေက ထွန်းနိုင်လက်ထဲမှ အထုပ်တွေကိုကြည့်ပြီး ပြုံးသည်။

"ကဲ ရေကြည်အေးက ကျောင်းဆရာလေး... အညာမှာ ရှမ်းခေါက်ဆွဲမစားခဲ့ရတိုင်း ကလောပြန်ရောက်ကတည်းက အတိုးချစားနေတာ မမုန်းသေးဘူးလား"

"မနက်စာဆိုတော့ ခေါက်ဆွဲပဲ ကောင်းမလားလို့ပါမေမေရယ်... ရေကြည်အေး အကြောင်းမပြောပါနဲ့...ခုတောင် ရွာကိုလွမ်းလာပြီ...ခုလောက်ဆို ဆရာတော့်ကျောင်းမှာ ကောက်ညှင်းပေါင်းတွေ စားနေရလောက်ပြီ"

The Stolen Heart (ပိုင်ရှင်/ပိုင္ရွင္)Where stories live. Discover now