Ep 5 (U)

10.7K 1.4K 274
                                    

ထွန်းနိုင် ကိုကို့ကို ဟိုတယ်သို့ ပြန်လိုက်ပို့ပေးပြီးတော့ အိမ်ပြန်လာခဲ့သည်။ ဒီနေ့တစ်နေကုန် ကြုံတွေ့ခဲ့ရတာတွေကို ခုထက်ထိမယုံနိုင်သေး။

ကိုကိုက ရေကြည်အေးမှာတုန်းကနှင့် လုံးဝမတူတော့သော တခြားတစ်ယောက်လိုပင် ပြောင်းလဲသွားခဲ့သည်။ ဒီနေ့ ကိုကိုက အများကြီးရယ်ပြုံးသည်။ ထွန်းနိုင်ကို စနောက်သည်။ စကားတွေလဲ အများကြီးပြောသည်။  မေမေပြန်လာတဲ့အထိ စောင့်ပြီး မေမေက ညစာထမင်းကျွေးတော့လည်း မငြင်းဘဲ စားသွားခဲ့သေးသည်။ ကိုကိုက ထွန်းနိုင်တို့ မိသားစုကို မမုန်းတော့ဘူးဆိုတာ သိတော့ ထွန်းနိုင်နဲ့ မေမေလည်း ပျော်ရပါသည်။

ခုနက ဟိုတယ်ကိုပြန်ပို့ခဲ့တုန်းကလည်း ကားပေါ်ကဆင်းခါနီးမှာ ပြောသွားခဲ့သေးသည်က
"အထွန်း မနက်ဖြန်ကျ ကိုကို့ကို အစောကြီးလာခေါ်နော်" ...တဲ့

ထွန်းနိုင် ဧည့်ခန်းမှာထိုင်ရင်း ပြုံးနေမိသည်။
အိမ်နောက်မှ ထွက်လာသော မေမေကလည်း ထွန်းနိုင်ကိုကြည့်ပြီး ပြုံးသည်။
သားအမိနှစ်ယောက် အကြည့်ချင်းဆုံမိတော့ ထပ်ပြုံးမိကြပြန်သည်။

"မေမေ့သားက ဒီနေ့ မျက်လုံးလေးတွေကပါ ပြုံးနေပါ့ရော"

"မေမေကလည်း ပြုံးတာတူတူပဲကို"

"မတူပါဘူး အထွန်းရယ်...ခါတိုင်းအထွန်းပြုံးရင် မျက်လုံးတွေက မပြုံးဘူး... မေမေက ကိုယ့်သားကိုယ် အရိပ်တကြည့်ကြည့်နဲ့နေခဲ့တာပဲ သိတာပေါ့"

"အဟင်း"

ထွန်းနိုင် ထပ်ပြီးတော့ ပြုံးမိပြန်သည်။

"မေမေ့သားက ပြုံးလိုက် ရယ်လိုက်ရင် သိပ်ချစ်စရာကောင်းတာပဲ"

ထွန်းနိုင်ရင်ထဲ နွေးသွားသည်။ ညနေက ကိုကိုကလည်း ထိုသို့ပြောသွားခဲ့သေးသည်။ ဒါပေမဲ့ "ကိုကို" ဟု ခုထက်ထိမခေါ်သေးတာကိုတော့ မကျေနပ်သေးပါဘူးတဲ့လေ။

ထွန်းနိုင် ခေါ်လို့ ဖြစ်ပါရဲ့လား ကိုကိုရယ်။

............................................................................

အောင်မြင်သူ ရေချိုးပြင်ဆင်ပြီး ဟိုတယ်လော်ဘီရှေ့ကို ထွက်လာတော့ အထွန်းရဲ့ ကားလေးက ရောက်နှင့်နေပြီ။ ဆွယ်တာအဖြူရောင် လက်ရှည်၊ ဂျင်းဘောင်းဘီအပြာရောင်လေးနှင့် မနက်ခင်းနှင်းမှုန်တွေနဲ့အတူ လတ်ဆတ်နေတဲ့ မျက်နှာလေးက အောင်မြင်သူ့ကို တွေ့တော့ ပြုံးမြသွားလိုက်တာများ။

The Stolen Heart (ပိုင်ရှင်/ပိုင္ရွင္)Where stories live. Discover now