❀11

161 22 7
                                    

27122022 :

မိုးလလယ် ရောက်ပြီမို့ ရာသီဥတုက နေ့တိုင်းလိုလို အုံ့ နေတယ် ။

ရံဖန်ရံခါ နေ့လယ်ပိုင်းတွေမှာဆို မိုးဖွဲဖွဲကျတတ်ပြီး ညရောက်ရင် မိုးတွေ သည်းကြီးမဲကြီး ရွာရွာချတတ်တယ် ။

နေမွန်းတည့်ချိန်ကြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် မှောင်မိုက်နေပုံထောက်ရင် ဒီနေ့လည်း မိုးရွာဦးမယ် ထင်ပါရဲ့။

" ရာသီဥတုကလည်း လူတွေလို ဖောက်ပြန်နေပြီ "

သွပ်ခေါင်မိုးပေါ် တဖျောက်ဖျောက်ကျလာတဲ့ မိုးရေစက်သံတစ်စွန်းတစ်စအဆုံး မင်းဆီက ထွက်လာတဲ့ စကားသံ ။

ဝရံတာမှာ လှမ်းထားတဲ့ ရှပ်အင်္ကျီအဖြူတွေကို ရုတ်ရင်း မိုးဖွဲဖွဲကျနေတဲ့ ကောင်းကင်ကိုမော့ကြည့်ပြီး ဆိုလာပုံက မျက်နှာလေးကို မဲ့လို့ ။

" မိုးရာသီမှာ မိုးရွာတာ ပုံမှန်ပါပဲ နောင်ရဲ့ "

" ခင်ဗျား မသိပါဘူး ကိုသက်ငြိမ်... ကျွန်တော်တို့ မန္တလေးမှာ တော်ရုံ မိုးရွာတာမဟုတ်ဘူး... ဒီနှစ်မှ ဒီလို မိုးများတာ... ညညဆို မိုးသီးတွေပါကြွေတယ်... ဗိုင်းရပ်စ် ကပ်ဘေးကြောင့် အရာအားလုံး ဖောက်ပြန်ပြီး ကမောက်ကမဖြစ်ကုန်ပြီ "

မင်းကပြောရင်း စိတ်ပျက်သလို အမူအရာလေးနဲ့ အဝတ်တွေကို ဆတ်ခနဲ ဆတ်ခနဲ ရုတ်နေတယ် ။

မင်း ပြောမှ ကိုယ့်မှာ သတိထားမိတယ် ။

နွေဦးကာလ ကိုယ်ရောက်စတည်းက မန္တလေးမှာ တလျှိုလျှိုမိုးရွာနေတာ အခုထိပဲ ။

မန္တလေးသဘာဝက မိုးရွာရင် ဆိုင်တွေ အလုပ်တွေ အကုန်သိမ်းတယ် ။

တော်ရုံ အပြင်ကို လုံးဝ မထွက်တတ်ကြဘူး ။

" တစ်နေ့လုပ်တစ်နေ့စားသမားတွေဆို ဘယ့်နှယ်များ လုပ်ပါ့မလဲ ဒီမိုးနဲ့... "

မင်းက မျက်နှာလေးရွဲ့ရင်း ထပ်ပြီး မကျေမနပ်ဆိုလာတယ် ။

" နောင်က မိုးရွာတာ မကြိုက်လို့လား "

" ကျွန်တော် မိုးရွာတာ ကြိုက်တယ်လို့ ခင်ဗျားကို ပြောဖူးသားပဲ "

ကံ့ကော်ပွင့်ချိန် Where stories live. Discover now