အပိုင်း ( ၃-၁ ) အတိတ်ကာလသို့ / အပိုင္း ( ၃-၁ ) အတိတ္ကာလသို႔

2.9K 92 0
                                    

Unicode
အပိုင်း ( ၃-၁ ) _ အတိတ်ကာလသို့

[ ဤနေရာမှစ၍ စာဖတ်သူလေးတွေအားလုံးအနေဖြင့် သက္ကရာဇ်က သူ့ရဲ့အတိတ်ကအကြောင်းများကိုပြန်တွေးနေသည်ဟုတွေးပြီး ဖတ်ပေးကြပါနော် ]

မနက်ခင်းဝေရီဝေလင်း ဆောင်းကုန်၍နွေအကူး၊ ကမ္ဘာမြေဆီသို့နေရောင်ခြည်မတွန့်လူးမှီအချိန်၊ မနက်လေးနာရီ၌ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ မနက်ခင်းစျေးသွားကြသူများနဲ့ မနက်ခင်းစျေးသည်များဖြစ်သောအုန်းပေါင်း၊ကောက်ညှင်းပေါင်း၊ပဲပြုတ်စသည့်ခေါင်းရွက်သည်တချို့၏လှုပ်ရှားမှုလေးများဖြင့် နေ့သစ်တစ်ခုကိုစတင်သည်။ ထိုဆင်ခြေဖုံးရပ်ကွက်လေးရဲ့လမ်းဆုံလမ်းခွရှိ၊ ကုန်စုံဆိုင်လေးနှင့်မနီးမဝေး၊ခပ်လှမ်းလှမ်းတွင် ​ဘိလပ်မြေနှင့်ဆောက်ထားသောအိမ်အောက်ထပ်၊ပျဥ်ပြားများကိုရေနံချီးအဝသုတ်ကာဆောက်ထားသည့်အိမ်အပေါ်ထပ်၊ ထိုနှစ်ထပ်တိုက်အိမ်တွင်တော့ အဖွားတစ်ယောက်နဲ့ကောင်ကလေးတစ်ယောက်တို့၏ငြင်းခုန်သံများက တိုးညှင်းစွာထွက်ပေါ်နေခဲ့သည်။

" ကဲပါ မြေးရယ်၊ သွား... စာသာကျက်ချေပါ၊ ဒါတွေက အဖွားလုပ်နေကျအလုပ်တွေ... မြေးသာ ဒီနှစ်ကိုဆယ်တန်းအောင်ဖို့ကြိုးစားဖြေ..၊ ဆောင်းကုန်ပြီဆိုပေမဲ့ ရာသီဥတုက အေးသေးတယ်... လူကကျန်းမာရေးချို့ရတဲ့အထဲ... သွား.သွား အိမ်ထဲပြန်ဝင်နေ "

" ရပါတယ် အဖွားရဲ့၊ သားက အဖွားကို ကူညီချင်လို့ပါ...၊ ဒီဟင်းရည်အိုးလေးကျက်သွားရင် သားစာသွားကျက်မှာပါ "

" ကဲ... ပြောမရလည်း လုပ်ပါတော်၊ ရော့..! အဖွားအင်္ကျီလက်ရှည်လေးကိုတော့ ဝတ်ထား၊ အပြင်ထွက်ပြီး အိမ်ထဲပြန်ဝင်ရင်လည်း အအေးကပတ်အုန်းမယ် "

" သားစောင်ခြုံထားတာပဲ၊ အဖွားသာ ဝတ်ထားပါ "

ငြိမ်းခရာတစ်ယောက် သူ့ရဲ့အဖွားဒေါ်နုနုရင်ပေးတဲ့ဖျင်ကြမ်းအင်္ကျီလက်ရှည်လေးကို ငြင်းလိုက်ကာ သူ့ကိုယ်မှာခြုံထားတဲ့ ကိုရီးယားစောင်ခပ်ပါးပါးလေးကို ရင်ဘတ်ထိလုံအောင် ပတ်ခြုံလိုက်သည်။ ငြိမ်းခရာတို့မှာက အဖွားရယ်၊ ငြိမ်းခရာရဲ့အမွှာညီမဖြစ်သူ ငြိမ်းခတ္တာရယ်၊ သူရယ် မြေးအဖွားသုံးယောက်သာရှိပြီးအေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားသည်ဟုပြောရမည်။ ငြိမ်းခရာတို့ရဲ့အဖွားဖြစ်သူဒေါ်နုနုရင်က သူတို့မောင်နှမနှစ်ယောက်လေးနှစ်သားအရွယ်၊ သူတို့မိဘတွေအက်စီးဒန့်တစ်ခုကြောင့်ဆုံးသွားပြီးကတည်းက အဖွားဟာ မုန့်ဟင်းခါးရောင်းပြီး သူတို့ကိုပြုစုစောင့်ရှောက်ခဲ့သည်မှာ ယခုဆိုလျှင် ငြိမ်းခရာ၏အသက်က ဆယ့်ခုနှစ်နှစ်ပင်ပြည့်ပြီဖြစ်သည်။ ဟိုးအရင်ကတော့ အဖွားကမုန့်ဟင်းခါးတစ်မျိုးတည်းကိုသာရောင်းပြီး၊ ယခုနောက်ပိုင်း ငြိမ်းခရာတို့ရဲ့ကျောင်းစရိတ်ကိုထောက်ပံ့နိုင်ဖို့အတွက် မုန့်ဟင်းခါးအပြင်၊ ထမင်းကြော်၊ မုန့်တီသုပ်၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် စသည့်အသုပ်မျိုးစုံကိုပါတွဲပြီးရောင်းသဖြင့် အဖွားဟာ အသက်ရလာပေမဲ့လည်း မနက်အစောကြီးထပြီးဆိုင်ဖွင့်ရန်အတွက် ပြင်ဆင်ရသည်။ သို့သော် အသက်ကကိန်းဂဏန်းတစ်ခုပါဟုဆိုရလောက်အောင်ပင် အဖွားကအမြဲတမ်းဖျတ်ဖျတ်လတ်လတ်နှင့်ကျန်းမာသန်စွမ်းကာ အိမ်မှုကိစ္စအဝဝအပြင် စီးပွားရေး၊လူမှုရေးမှာပါ အရာရာသူ့ခြေ၊သူ့လက်နှင့်လုပ်ကိုင်ရသည်ကို သဘောကျသူဖြစ်သည်။ ယခုလည်း မနက်ခင်းမုန့်ဟင်းခါးနဲ့အသုပ်စုံဆိုင်လေးဖွင့်ဖို့ရာအတွက် သူတို့အိမ်မကြီးရဲ့အနောက်ဖက်မှာသီးသန့်ဆောက်ထားသောမီးဖိုချောင်တဲအိမ်လေးထဲမှာ မြေးအဖွားနှစ်ယောက်ပြင်ဆင်နေကြခြင်းဖြစ်သည်။

မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) / မောင့်မြတ်နိုးရာ ( ငြိမ်းခရာ ) [ Completed ]Where stories live. Discover now