Chapter 3

590 88 14
                                    


လွန်ခဲ့သော ၂ ပတ်ခန့်က ဖြစ်သည်..။

ကံဆိုးကောင် သွားရာ မိုးလိုက်လို့ရွာ ဆိုသည့်အတိုင်းပင်။ ရုတ်တရက် အညိုးတကြီး ထရွာသော မိုးကြောင့် ဆော့ဂျင်တစ်ယောက် နီးစပ်ရာ ဘတ်စ်ကားဂိတ် မှတ်တိုင်အောက်ဆီသို့ အလျင်အမြန် ပြေးကာ မိုးဝင်ခိုရတော့သည်။ ဘယ်နေရာသွားသွား ထီးပျောက်တတ်လွန်းသည့် အကျင့်ကြောင့် ခုထက်ထိပင် ထီးတစ်လက်ကို သူ ပြန်မဝယ်ရသေးချေ။ ဒီတစ်ပတ်ထဲ၌ပင် သူ ထီးပျောက်တာ ၂ ခါ ရှိနေလေပြီ။

အခါလွန်မှ လာရွာနေသော မိုးအား ဆော့ဂျင် ကျိန်ဆဲလိုက်ရင်း ရေစများ တင်ကျန်နေသော ဆံပင်ကို လက်ဖြင့် ခပ်ကြမ်းကြမ်း ခါထုတ်ပစ်လိုက်သည်။ လေပါသော မိုးကြောင့် သူ့ကုတ်အင်္ကျီတစ်ခြမ်းလုံးသည်လည်း ရွှဲရွှဲစိုကုန်၏။

ဘေးတစ်စောင်းလွယ်ထားသော ကျောပိုးအိတ်ထဲမှ လက်တော့ပ်ကို သတိရမိသွားသောအခါ ဆော့ဂျင် ဘုရားတမိလိုက်သည်။ ရုံးက ပေးထားသည့် လက်တော့ပ်သာ ရေစိုသွားလို့ကတော့ ကောင်းကောင်း အကြိတ်ခံရမည်မှာ သေချာသည်။ အကြိတ်ခံရရုံသာဆိုလျှင်တော့ ကိစ္စမရှိပါ။ အရေထူနေပြီမို့ သင့်တင့်သလောက်တော့ ဒူပေဒဏ်ပေ ခံနိုင်နေပြီ ဖြစ်သည်။ သို့သော် အကြိတ်ခံရရုံနှင့် မပြီးသွားဘဲ လျော်ကြေးကိစ္စတွေပါ ပါလာရင်တော့ သူ့ရဲ့ သုညမှတ်နား ရောက်ခါနီးနေပြီဖြစ်သည့် ဘဏ်စာရင်းလေးက အနုတ်လက္ခဏာတွေပါ ထပ်ပြကုန်လိမ့်မည်။

ကျောပိုးအိတ်ကလည်း မိုးကာသားလို့သာ ပြောတာ၊ ပေါပေါပဲပဲ ပေးပြီး ဝယ်ထားရသည့် တရုတ်အိတ်မို့လားမသိ၊ အရမ်းသည်းလွန်းသော မိုးနှင့်တွေ့လျှင် အတွင်းထဲထိပါ ရေစိမ့်ဝင်ကုန်၏။ ဘာပဲဖြစ်ဖြစ် ဒီလကုန်ရင်တော့ ရုံးတက်အိတ်လေး ကောင်းကောင်း တစ်လုံးနှင့် ထီးလေး တစ်ချောင်း ဝယ်ဖို့ ဆော့ဂျင် စိတ်ထဲ၌ စာရင်းပြုစုထားလိုက်တော့သည်။

"ဟူးး တော်သေးတာပေါ့။ အထဲထဲထိ ရေမစိမ့်လို့"

မှတ်တိုင်ရှိ ထိုင်ခုံတွင် ထိုင်ရင်း ကျောပိုးအိတ်ကို ဖွင့်စစ်ကြည့်တော့ အကောင်းပကတိအတိုင်း ရှိနေသည့် လက်တော့ပ်လေးကို မြင်ရတော့မှပဲ ဆော့ဂျင် အသက်ရှူချောင်သွားတော့သည်။

How To Tame A BEASTWo Geschichten leben. Entdecke jetzt