Chapter 8.1

482 79 16
                                    


ပုံမှန်အားဖြင့် လောက၌ လူတန်းစား နှစ်ရပ် ရှိသည်။ ဖြစ်ချင်သည့် ဆန္ဒများကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည့် လူတန်းစား နှင့် ဘောင်အကန့်အသတ်တစ်ခုအတွင်းမှာပဲ ရွေးချယ်လို့ရသည့် လူတန်းစား။ အဲ့ဒါထက်ပိုဆိုးသည်ကတော့ လုံးဝကို ရွေးချယ်စရာ မရှိတော့သည့် လူတန်းစားပင်။

ထိုသို့ ရွေးချယ်ပိုင်ခွင့် မရှိသည့် လူတစ်ယောက်က ရူးမိုက်စွာဖြင့် မိမိရဲ့ကိုယ်ပိုင် စိတ်ဆန္ဒတွေနောက်သာ လိုက်မိသည်ဆိုရင်ရော..?

အဆုံးသတ်အနေနှင့် ရလာနိုင်သည့် ရလဒ်က ပျော်ရွှင်မှုလား..?

ဒါမှမဟုတ် နောင်တလား..?

"အိုမို-နာ!! အတွင်းရေးမှူးကင်မ်! နောက်ဆုံးတော့ ပြန်ပေါ်လာခဲ့ပြီ! နှစ်ပတ်ကြီးများတောင် ဘယ်တွေများ ပျောက်သွားရတာလဲ? သတင်းလည်း မကြား၊ ဆက်သွယ်လို့လည်း မရနဲ့။ ညီမတို့မှာ စိတ်ပူလိုက်ရတာ။ CEO ကင်မ်ကလည်း စိတ်ပူလို့လား မသိဘူး။ မနက်ရုံးတက်တိုင်း 'အတွင်းရေးမှူးကင်မ် မလာသေးဘူးလား' နဲ့ အမြဲမေးနေတော့တာပဲ"

၃၁ လွှာသို့ ခြေချလိုက်သည်နှင့် reception ကောင်တာမှ မိန်းကလေး ယူရာက ဝမ်းသာအားရဖြင့် နှုတ်ဆက်လာသည်။ ထိုအခါ ကောင်တာနားတွင် ရပ်နေသူ ယာယီအတွင်းရေးမှူးလေး ဆောနူးကပါ အမေပြန်တွေ့သည့် ကလေးတစ်ယောက်လို အတင်းဖက်တွယ်ပြီး နှုတ်ဆက်လာသည်မို့ ဆော့ဂျင်ခင်မျာ နောက်သို့ ပြန်လှန်ကျတော့မတတ် ယိမ်းယိုင်သွားရသည်။

"ဆော့ဂျင်-ဟျောင်းရာ... နောက်ဆို အဲ့လို မပြောမဆိုနဲ့ အကြာကြီး မပျောက်သွားပါနဲ့ဗျာ။ အစ်ကို မရှိတဲ့ ဒီနှစ်ပတ်လုံး ကျွန်တော့်အတွက် မသေရုံတမယ်ပဲ။ ဒီမှာပဲ ကြည့်ပါတော့ဗျာ။ အစ်ကို ပျောက်သွားတဲ့ နှစ်ပတ်အတော်အတွင်း ကျွန်တော့်ဆံပင် ၃ ချောင်းကြီးများတောင် ဖြူသွားတယ်"

ခါးကို မလွှတ်တမ်း ဖက်တွယ်ထားရင်းမှ ခေါင်းကို အတင်းထိုးပြလာသော ယာယီအတွင်းရေးမှူးလေး ကင်မ်ဆောနူးသည် တကယ့်ကို ကလေးတစ်ယောက်လိုပင်။

"ဟ! မင်းဟာကလည်း ဟုတ်ရော ဟုတ်ရဲ့လားကွာ။ ငါ့ဆံပင်တောင် မဖြူသေးတာ မင်းလို အသက် ၂၀ ကျော်လေးက ဘယ်လိုလုပ် ဖြူနိုင်မှာလဲ?"

How To Tame A BEASTWhere stories live. Discover now