Chapter 2

605 84 17
                                    


'ကိုယ့်အတွက် လူမှန်မဟုတ်တဲ့ သူတစ်ယောက်နဲ့ အတူတူ နေမယ့်အစား ဘဝတစ်လျှောက်လုံး တစ်ယောက်တည်း နေသွားတာကမှ ပိုစိတ်ချမ်းသာရဦးမယ်...'

ဤသည်မှာ တစ်ဦးတည်းသာရှိသည့် သူငယ်ချင်းဖြစ်သူ ပတ်ဂျီမင်ရဲ့ အမြဲတမ်း ပြောနေကျ အဆိုအမိန့်တစ်ခု ဖြစ်သည်။

အခုတော့ ထိုသူရဲ့ စကားတွေက မှန်လွန်းသည်မို့ ကုတင်ခြေရင်း၌ပင် ပရင့်ထုတ်ပြီး ကပ်ထားရမလို။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တိုင်း ထိုအဆိုအမိန့်ဖြင့် နိုးထရမည်။ ညတိုင်းလည်း ထိုအဆိုအမိန့်ဖြင့် အိပ်ယာဝင်ပြီး ကိုယ့်ကိုကိုယ် အသိတရားရအောင် သူ ကြိုးစားရမည်။

"ဆော့ဂျင်! စောက်သည်းကွဲတာလည်း ကွဲတာပေါ့။ ထမင်းလေး ဘာလေးတော့ နည်းနည်းပါးပါး လာမြိုဦး!"

အခန်းတံခါးဝမှ လှမ်းအော်လာသော ပတ်ဂျီမင်ရဲ့ အသံသည် စာနာသနားပေးမှု တစ်စက်မှ မရှိချေ။ သူငယ်ချင်းဖြစ်သူရဲ့ အခြေအနေအပေါ် ပိုလွန်းသည်ဟုသာ ဂျီမင်က ထင်မြင်လေသည်။

"ငါ ၁ ကနေ ၁၀ ထိ အော်လို့မှ အဲ့ဒီ အိပ်ယာပေါ်ကနေ မထလာရင် မင်းရဲ့ အကြောင်းတွေကို ငါ မင်းအမေဆီ တိုင်ပြောလိုက်မှာနော်!"

ကောလိပ်တည်းက ပေါင်းသင်းလာခဲ့သော အတွင်းသိ၊ အဆင်းသိ၊ အကုန်သိသည့် ပတ်ဂျီမင်ကြောင့် ဆော့ဂျင်တစ်ယောက် စောင်ပုံထဲတွင် လုံးထွေးနေရာမှ လေးကန်စွာဖြင့်သာ ထလာရတော့သည်။ ဂျီမင်က ပြောရင် ပြောတဲ့အတိုင်း အမှန်အကန် လုပ်တတ်သည့်သူမျိုး ဖြစ်သည်။

နယ်ဝေးက မိဘများသာ သူ့ရဲ့ အခြေအနေတွေကို သိလျှင် သနားကရုဏာသက်ပြီး စိတ်မကောင်း ဖြစ်ကြမည်ထက် စိတ်ပျက်သွားကြမည်မှာ သေချာပါသည်။ အကြီးဆုံး သားဦးလေးမို့ အထက်တန်းပြီးတော့ ရှိစုမဲ့စု စုဆောင်းထားတာလေးတွေကို ထုခွဲရောင်းချကာ အများနှင့်တန်းတူ ဆိုးလ်မြို့၌ ကောလိပ်တက်စေခဲ့သည်။ သာမန် အစိုးရဝန်ထမ်းများသာ ဖြစ်ကြသည့် အဖေနှင့်အမေတို့က သူ့ထံမှ တစ်ပြားတစ်ချပ် ရ,ရကောင်းနိုးဖြင့် မမျှော်ကိုးတတ်သော်ငြား အသက် ၂၉ နှစ် ပြည့်သွားသည့်တိုင်အောင် မိသားစုအား လောက်လောက်ငှငှ မထောက်ပံ့ပေးနိုင်သောကြောင့် ဆော့ဂျင် ပိုပြီး လိပ်ပြာမလုံ ဖြစ်ရသည်။

How To Tame A BEASTWhere stories live. Discover now