Scene #1 : Accidental Hug

4.8K 630 22
                                    

Camera Shutter သံ တဖြတ်ဖြတ်နှင့်အတူ မျက်စိကျိန်းလောက်စရာ မီးရောင်များကို ကျန်းဟောင့်က သိပ်ပြီးတော့ ကျင့်သားမရနိုင်သေးခဲ့ပါချေ။ သတင်းစာရှင်းလင်းပွဲကို ဂင်မ်ဂျီအွန်းက အတင်းခေါ်လို့သာ လိုက်လာရပြီး သူကတော့ ဖြစ်နိုင်ပါလျှင် အိမ်မှာပဲ ကော်ဖီလေးတစ်ခွက်သောက်ပြီး မပြီးသေးသည့် ဇာတ်ညွှန်းများကို ပြီးအောင် ရေးချင်လှလေသည်။

" ဆောင်းဟန်ဘင်း ဒီဘက်ကို ကြည့်ပေးပါဦး "

" ဒီဘက်ကို ကြည့်ပေးမယ်နော် "

သတင်းထောက်များကမူ မျက်လုံးချင်းဆုံသည့် ပုံမျိုးရနိုင်ရန်အတွက် ဆောင်းဟန်ဘင်း၏ နာမည်ကို တကျော်ကျော်အော်ခေါ်နေလျက်သား။ သူတို့လည်း အလုပ်အတွက် လုပ်နေရခြင်း ဖြစ်ပါသည့်တိုင် အနည်းငယ်မျှ နားအူလာနေသည့် ကျန်းဟောင့်ကမူ တစ်ချက်လေးမှ မပြုံးမိဘဲ ခပ်တည်တည်ဖြင့်သာ ရှိသမျှ ကင်မရာများကို ကြည့်နေမိသည်။

ယုတ္တိဆန်ဆန် တွေးကြည့်ပါလျှင် သူ့လိုမျိုး ဇာတ်ညွှန်းရေးဆရာတစ်ယောက်က သတင်းစာရှင်းလင်းပွဲကို လိုက်ပေးစရာ ဘာအကြောင်းမှ မရှိပါချေ။ သို့သည့်တိုင် ဘေးသို့ လှမ်းကြည့်မိလိုက်သည့်အခါ ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် လူတိုင်းကို နှုတ်ဆက်နေပါသည့် ဆောင်းဟန်ဘင်းကို မြင်လိုက်ရလေရာ ဘာပဲပြောပြော သူ့ အင်နာဂျီ အကုန်ခံရသည်မှာလည်း အနည်းငယ်တော့ ထိုက်တန်ပါကြောင်း တွေးမိလိုက်ပါ၏။

ထိုကဲ့သို့ဖြင့် ဆောင်းဟန်ဘင်းနှင့် ဆော့မက်သျူးကို အလယ်မှာထားပြီးနောက် သူနှင့် ဂင်မ်ဂျီအွန်းက တစ်ယောက်တစ်ဖက်စီ ဝင်ထိုင်ရင်းဖြင့် အမေးအဖြေလုပ်ရမည့် ကဏ္ဍကို တရားဝင် စတင်ကြပါတော့သည်။ သူ့ကို ဆောင်းဟန်ဘင်းဘေးမှာ မထားဖို့အတွက် ဂင်မ်ဂျီအွန်းကို အခေါက် ၂၀ လောက် တောင်းပန်ခဲ့ပါသည့်တိုင် ဂျီအွန်းကတော့ သူ လုပ်ချင်သည်ကို လုပ်ချသွားသည့်အတွက် လက်ရှိ၌မူ သူက ဆောင်းဟန်ဘင်းဘေးတွင် ကျောက်ရုပ်လိုမျိုး တောင့်တောင့်ကြီးဖြင့်။

သူတို့ကို ဦးဆောင်ပြီးတော့ ‌မေးမြန်းသူမှာ ယခင်ကတည်းက အနုပညာလောကတွင် နာမည်ကြီးနေပါသည့် အစီအစဥ်တင်ဆက်သူတစ်ယောက်ပင်။ ပရော်ဖက်ရှင်နယ်ဆန်လှသည့် အပြုံးကို ကြည့်လိုက်ရုံဖြင့်ပင် ဒီနေ့ကတော့ အဆင်ပြေပြေဖြင့် ပြီးစီးသွားလောက်နိုင်ကြောင်း ကျန်းဟောင့်က ခန့်မှန်းမိနေလျက်သား။

Starstruck LoveWhere stories live. Discover now