Scene #11 : Dive into YOU

3.7K 658 89
                                    

ညဘက် ရိုက်ကူးရေး ဖြစ်လေသည့်အတွက် နေရာအနှံ့တွင် သမ်းဝေသံများကို တစ်ခုပြီးတစ်ခု ကြားနေခဲ့လေ၏။ ကျန်းဟောင့်ကိုယ်တိုင်လည်း မနက်အစောကြီးကတည်းက ထထားရပါသဖြင့် မျက်လုံးများက အနည်းငယ်မျှ စင်းလို့နေခဲ့လေပြီ။

လက်ထဲ၌မူ ဆောင်းဟန်ဘင်းက လူလစ်ချိန်၌ ခိုးပြီး လာပေးထားသည့် ကော်ဖီဘူးကို ဆုပ်ထားရင်းဖြင့် သူ့အခြေအနေ သူ ပြန်တွေးကာ တစ်ချက်မျှ ရယ်လိုက်မိသည့်အခါ ပါးမို့မို့လေးများက ဖောင်းပြီး တက်လာရပြန်သည်။

ဆောင်းဦးထံသို့ ကူးပြောင်းနေသည့် ကာလဖြစ်လေသောကြောင့် လေထုထဲတွင် အအေးဓာတ်က ခပ်ပါးပါးလေး နေရာယူလို့ထား၏။ ပန်းရောင် Cardigan ကို ဝတ်ထားသည့် ကျန်းဟောင့်ဟာ သူ့လက်များကို အင်္ကျီလက်ထဲတွင် မြုပ်နေအောင် ထားမိပြီး လက်အဖျားလေးကသာ အပြင်လေ၏ ထိတွေ့ခြင်းကို ခံယူခွင့် ရှိနေလျက်သား။

သူ့ကို ပြန်လိုက်မည်ဟု ပြောထားသည့် ဆောင်းဟန်ဘင်း၏ စကားက အလကားတော့ မဟုတ်ရ။ ရှောင်မနေဖို့အတွက် အနုနည်းဖြင့် လာပြီး "ဖြောင်းဖျ"သွားခဲ့ပြီးနောက် ဆောင်းဟန်ဘင်းဟာ ထိုနေ့တုန်းကလောက်တော့ လက်ပွန်းတတီး မနေခဲ့ပါသည့်တိုင် သူ့ကို အဖက်ဖက်မှ ဂရုစိုက်ဆဲ။

ဥပမာ သူက milk tea ကြိုက်တတ်သည်ဟု ပြောထားမိကတည်းက ညနေပိုင်း ရှုတင်မစခင်တွင် သူ့အတွက် milk tea တစ်ခွက် ကြိုရောက်နေတတ်သည်မျိုး ၊ ရိုက်ကွင်းပြီးသွားသည်နှင့် ခဏလောက်ပဲဖြစ်ဖြစ် သူ့အနားကိုတော့ ဝေ့လည်ကြောင်ပတ် ရောက်လာတတ်ခြင်း ၊ လူလစ်ပါလျှင် သူ့လက်သန်းကို တိတ်တိတ်လေး လာပြီးတော့ ချိတ်တတ်ခြင်းမျိုး။

တွဲတော့ မတွဲသေးပါသည့်တိုင် ရည်းစားတစ်ခါမှ မထားဖူးသည့် ကျန်းဟောင့်အတွက်တော့ အထက်တန်းကျောင်း၌ အခန်းထဲမှ လူများ မသိရအောင် တိတ်တိတ်လေး ရည်းစားခိုးထားနေရသည့် ခံစားချက်မျိုးပင်။ ရင်ထဲ၌ လိပ်ပြာအကောင်တစ်ထောင်လောက်က ဝဲပျံနေပါသလိုမျိုး တလှပ်လှပ် ဖြစ်နေပါသည့် ခံစားချက်ဟာ ဆောင်းဟန်ဘင်းအနားသို့ ရောက်သွားရတိုင်း ဆထက်ထမ်းပိုး တိုးရစမြဲ။

Starstruck LoveWhere stories live. Discover now