Scene #8 : Whirlpool

5.2K 668 217
                                    

" ကျွန်တော့်ကို တစ်ချက်လောက် ဇာတ်ညွှန်းလေး ကူဖတ်ပေးလို့ရမလား "

ကျန်းဟောင့်ဟာ မယုံကြည်နိုင်စွာဖြင့် သူ့ကိုယ်သူသာ လက်ညှိုးပြန်ထိုးမိလိုက်သည်။ အနည်းငယ်မျှ ဝိုင်းစက်သွားသော မျက်ဝန်းလေးများထဲ၌ ပြုံးပြီးတော့ ကြည့်နေသည့် ဆောင်းဟန်ဘင်း၏ မျက်နှာက အတိုင်းသား ထင်ဟပ်နေလျက်သား။

" ဒီအချိန်ကြီးလေ? ည ၁ နာရီခွဲကြီးကို "

" အင်းလေ.. ဟာအိုဟျောင်းလည်း ပြန်မအိပ်ချင်သေးဘူးမလား ၊ ကျွန်တော်လည်း မအိပ်ချင်သေးဘူး ၊ နောက်ပြီးတော့ ဟျောင်းက ကျွန်တော့်ကို အခုတလော ရှောင်နေတာမဟုတ်ဘူးလား "

တိုးဖျော့လှသော လေသံဟာ မသိလျှင် သူ့နားရွက်နားကို ကပ်ပြီး တီးတိုးစကားဆိုနေသလို ခံစားရစေ၏။ ကျန်းဟောင့်ဟာ ဆောင်းဟန်ဘင်း မမြင်အောင် အိပ်ရာခင်းကို လက်ဖြင့် တင်းတင်းဆုပ်မိလိုက်ပြီးနောက် ပွယောင်းနေသည့် ဆံပင်စများက ဖွားခနဲ ဖြစ်သွားလောက်အောင် ခေါင်းကို ခါမိလိုက်သည်။

" မဟုတ်ပါဘူး ၊ မင်း အတွေးတွေ လွန်နေတာ နေပါမယ် ၊ ရှောင်စရာလား "

" မရှောင်ဘူးဆိုရင်လည်း ရပါပြီ ၊ အဲ့ဒီတော့ ဇာတ်ညွှန်းက ကူဖတ်ပေးမှာမလား "

သူ့ကို မျှော်လင့်တကြီးဟု ဆိုရလောက်သည့် မျက်လုံးမျိုးဖြင့် ကြည့်နေသည့် ဆောင်းဟန်ဘင်းကို မြင်လိုက်ရသည့်အခါ ကျန်းဟောင့်ဟာ အနည်းငယ်မျှ စိတ်ညစ်ညူးစွာဖြင့် စိတ်ထဲမှာပဲ သက်ပြင်းအကြိမ်ကြိမ် ချမိလိုက်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ဒီလိုမျိုး ခုတင်တစ်လုံးပေါ် နှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ပြီး ဇာတ်ညွှန်းထိုင်ဖတ်ရလောက်သည်အထိ ရင်းနှီးနေခဲ့သည်လည်း မဟုတ်ပါချေ။

" ငါ.. သရုပ်မဆောင်တတ်ဘူးလေ "

အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဖြစ်နေသည့် ဆင်ခြေကို ထုတ်သုံးမိလိုက်သည့်အခါ ဟန်ဘင်းက ခေါင်းညိတ်နေရင်းဖြင့်။

" သိပါတယ် ၊ အဲ့ဒါကြောင့် ဟာအိုက ကျွန်တော် ဖတ်တာကို ထိုင်နားထောင်ပြီးတော့ ဘယ်နေရာလေးတွေတော့ လိုတယ်ဆိုတာကို ဝေဖန်ပေးရုံပဲလေ ၊ အဆင်မပြေဘူးလား "

Starstruck LoveWhere stories live. Discover now