Part - 18 (Unicode)

2.3K 170 2
                                    

"ကဲ ဒီနေ့ကတော့ ငါတို့ရဲ့ ဇာတ်လိုက်ကြီး Circleရဲ့ အောင်ပွဲနဲ့ အနုပညာလောကထဲ လျှောက်လှမ်းတော့မဲ့ ဒီက ပန်တျာဦးတို့ နှစ်ယောက်အတွက် ဂုဏ်ပြုပေးကြရအောင်။"

ကိုထက်နိုင်အောင်၏ အသံသည် သီးသန့်ခန်းအတွင်း ဟိန်းထွက်လာသည်။ မအပ်စပ်လှတဲ့ အကြောင်းအရင်း နှစ်ခုကို ဂုဏ်ပြုပွဲဟု ခေါင်းစဥ်တပ်၍ နီးစပ်ရာများကို ကျွေးမွေးဖို့ စီစဥ်သူမှာ မောင်ဖြစ်၏။  မောင့်ရဲ့ ငယ်သူငယ်ချင်လည်းဖြစ်၊ ပန်တျာ့ရဲ့ သူငယ်ချင်းလည်းဖြစ်သည့် စွမ်းထက်အောင်ကပါ မောင်နဲ့ ပန်တျာ့အား ဂုဏ်ပြုပေးဖို့ ရောက်လာသည်။

မောင်သည် မနေ့ကပဲ ပွဲတစ်ခုထိုးသတ်ရာမှာ အနိုင်ရခဲ့ပြီး ပန်တျာကတော့ လမ်းတစ်ခုကို ဖောက်ခဲ့ချေပြီ။ ဝါသနာပါရာလမ်းပေါ်  လျှောက်လှမ်းပြီး ကြိုးစားကြည့်ဖို့ အားမွေးထားသည်။ ဆရာရဲကျော်သည် သူတို့အသိုင်းအဝိုင်းအတွက် ပန်တျာ့ကို ဆုံးရှုံးလိုက်ရမှာ နစ်နာတယ်ဟု တွေးပြီး ရသလောက် ဆွဲထားချင်စိတ်လည်း ရှိဟန်တူသည်။ ဆရာ့သဘောထားကို သိတဲ့ ပန်တျာကပဲ ဆရာ့အလိုကျ ဆရာ့ဆေးခန်းမှာ ထိုင်ပေးဖို့ ဖြစ်လာသည်။  ခုနှစ်နှစ်တာ သင်ယူခဲ့တဲ့ ပညာတစ်ခုကို အလဟဿ မဖြစ်စေချင်တဲ့ စိတ်ဆန္ဒတစ်ခုတော့ ပန်တျာ့မှာလည်း ရှိနေပါ၏။

"တစ်ရက်တစ်လေတော့ ကံငါးပါးလေး ချိုးဖျက်သင့်ပါတယ် Circleရာ။ ဘီယာသောက်တာ ကျန်တဲ့ ကံလေးပါးလို
သူတစ်ပါးကို ထိခိုက်စေတာမှ မဟုတ်တာ"

ထက်နိုင်အောင်သည် သူ၏ ညီအစ်ကိုနဲ့ မခြား ဆက်ဆံခဲ့တဲ့ တပည့်ဖြစ်သူနဲ့ ဒီနေ့တစ်ရက်တော့ ခွက်ချင်းတိုက်ချင်ဟန်ရှိသည်။ ထက်နိုင်အောင်​၏ အပြောကြောင့် Circle သည် ခပ်ဖွဖွပြုံး၏။ ထက်နိုင်အောင်ရဲ့ စကားကို လှောင်လိုခြင်းမဟုတ်ဘဲ မှားနေပြီဆိုတဲ့ သဘောမျိုးဖြင့် ပြုံးလိုက်တာမျိုးပင်။

"လူတိုင်းက အတွေးမတူနိုင်ဘူးလေ။ ကိုထက်ပြောတာကို မှားတယ်လို့တော့ မပြောချင်ပါဘူး။ ကျွန်တော်က ဗုဒ္ဓဘာသာဆိုပေမဲ့ မိရိုးဖလာဗုဒ္ဓဘာသာပါ။ ဘုရား၊ တရား အဲ့လောက်လိုက်စားနေတဲ့သူတော့မဟုတ်ဘူး။ ဘုရားက တားမြစ်ထားတဲ့ အရာတွေထဲ၊ ဆုံးမထားတဲ့ အရာတွေထဲမှာ ရစ်မူးစေတဲ့ အရည်သောက်သုံးခြင်းကိုတော့ အထူးရှောင်တယ်။ Alcohol သောက်သုံးခြင်းက အပြစ်ဖြစ်တာ မဟုတ်ဘူး ကိုထက်။ လူကို ပုံမှန်စိတ် မဖြစ်စေတော့ပဲ ရစ်မူးစေတာက အပြစ်ဖြစ်တာ။ အရက်၊ ဘီယာသောက်ပြီး မူးသွားတဲ့ လူတစ်ယောက်က မလုပ်ရဲတဲ့အလုပ် မရှိတော့ဘူးဆိုတာ လက်ခံလား"

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now