3.4K 367 76
                                    

"ဟာအိုဟျောင်း"

ပြန်ထူးမလာလို့ စက်ဘီးကို အရှိန်လျှော့ နောက်လှည့်ကြည့်တော့ မြင်လိုက်ရတဲ့ မျက်နှာလေးက အတွေးထဲမှာ နစ်မျောနေဟန်

"ဟာအိုဟျောင်း...ကျန်းဟာအို"

အသံခပ်ကျယ်ကျယ်ပြုလိုက်မှ စိတ်နဲ့လူနဲ့ပြန်ကပ်ပုံရတယ်။ သို့သော် ထူးလာတဲ့ အသံလေးက ဖျော့တော့တော့။

အရင်ကဆို ကောင်းကင်ကြီးကဘယ်လောက်လှကြောင်း တစ်ယောက်တည်းလေး ပြောနေတတ်တာမျိုး၊ လမ်းတစ်ဖက်တစ်ချက်က သစ်ပင်တွေကို တစ်ပင် နှစ်ပင် မပျင်းမရိ လိုက်ရေနေတာမျိုး၊ သူ့အင်္ကျီစလေး လေနဲ့အတူ တလွင့်လွင့်ဖြစ်နေရင် သဘောတကျ ရယ်နေတတ်တာမျိုး၊ အဲဒီလို ကျန်းဟာအိုလေးက ခုရက်ပိုင်း သိသိသာသာ ငြိမ်ကျသွားတယ်။

သူစကားပြောရင်တော့ ကောင်းကောင်းပြန်ပြောတယ်။ သူ မနက်တိုင်း လာကြိုရာ စက်ဘီးနောက် လိမ်လိမ်မာမာလေး လိုက်တယ်။
သူ နည်းနည်းလေး နောက်ကျတဲ့နေ့ဆို လာ/မလာ စာတိုလေးပို့ကာ မေးပြီး အဆောင်ရှေ့မှာ ရပ်စောင့်နေတတ်တယ်။ ဒါကြောင့် သူ့ကိုစိတ်ဆိုးနေတာ မဟုတ်မှန်းတော့ သေချာတယ်။

အဖြေထုတ်ရခက်တဲ့ ပုစ္ဆာတွေကို သူဘယ်တုန်းကမှ လွယ်လွယ်ကူကူ မဖြေရှင်းနိုင်ခဲ့။ မေးခွန်းက ကျန်းဟာအိုလေး ဘာဖြစ်နေသလဲမို့ ပိုလို့ဆိုးတယ်။ ကျောင်းစာတွေလို အ​ဖြေခိုးကြည့်ဖို့ အထူးထုတ်လှန်လို့လည်း မရ။

စက်ဘီးထိုးနေချိန်ထိ သူ့ကို ငေးကြည့်ကာ ငိုင်ငိုင်လေး ဖြစ်နေသေးတာကြောင့်

''နေရောကောင်းရဲ့လား''

ခေါင်းညိတ်ပေမဲ့ မယုံချင်တာမို့ နဖူးကို လက်နဲ့စမ်းကြည့်တော့ တကယ်ကို အဖျားငွေ့မရှိ။

''မှိုင်နေလို့လေ။ မျက်နှာလေးတောင် ချောင်ကျသွားသလိုပဲ''

''ဒီနေ့မနက်စာအတွက် ပေါင်မုန့်အကြီးကြီး နှစ်လုံး ထည့်ခဲ့တယ်''

သူ စိတ်ပူသွားမှန်း ရိပ်မိလို့ဖြစ်မယ် မျက်နှာကို ချက်ချင်း ပြုံးပြုံးလေးလုပ်ပြီး လက်ကလေးနှစ်ချောင်းထောင်ကာ ပြောလာတယ်။

အချစ်ရက်စွဲများWhere stories live. Discover now