1

1.1K 29 0
                                    

(၁)

နောက်ဆုံးစာကြောင်းကို ရေးပြီးချိန်မှာ လွမ်းတစိတ်နှင့် အားငယ်စိတ်တို့ ရောယှက်လျက် စူးနစ်စွာ နာကျင်လာသည်။

ဒီစာကိုရော Young ဖတ်ရပါ့မလား။
ပြီးတော့ လက်မှတ်မထိုးခင်မှာ ဘာစကားဖြင့် နှုတ်ခွန်းဆက်ရမလဲ။ ဒီတစ်ခါ သတ္တိကောင်းကောင်း သို့မဟုတ် မိုက်မိုက် မဲမဲ တစ်ခါမှ မရေးဖူးသော စကားလုံးအဖြစ် “အချစ်များစွာဖြင့်” ဟု ရေးလိုက်ရမလား။ တစ်ခါလောက် ဘဝမှာ စိတ်လွတ်လက်လွတ် ဖွင့်ချပစ်လိုက်ချင်လို့ပါ။ ကျွန်မလေ... ကျွန်မ Ahn Yujin လေ ဘဝမှာ တစ်ခါလေးတော့ ရူးသွပ်သွားလိုက်ချင်သည်။

မဖြစ်ပါဘူး Youngရယ်။
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
တစ်ခါတလေ သုံးနှုန်းဖူးသော “ချစ်ခင်စွာဖြင့်” ဆိုတာကမှ တော်ဦးမည်။ သို့မဟုတ် သုံးနှုန်းနေကျ စကားလုံးလေးရော၊ အဲဒါပဲ ကောင်းပါတယ်။ နောက်ဆုံးတော့ “မေတ္တာဖြင့် မမ” ဟု ရေးလိုက်တော့သည်။

စာကို သေသေသပ်သပ် မြတ်မြတ်နိုးနိုးခေါက်ပြီး အဖြူရောင် စာအိတ်လေးထဲထည့်ကာ မြန်မြန်ပိတ်ပစ်လိုက်သည်။

ပြီးတော့ စာအိတ်ကို ပလတ်စတစ်အိတ်လေးထဲ သေသေချာချာထည့်ပြီး ပလတ်စတစ်ကို ပိတ်၊ အပေါ်မှ စက္ကူချုပ်စက်လေးဖြင့် ပလတ်စတစ်အစွန်းပိတ်ကို သုံးနေရာလောက် ချုပ်ပေးလိုက်၏။

မိုးရေစိုမှာကို မပူရတော့ဘူးပေါ့။ မနက်ကတည်းက ရွာနေသည့် မိုးသည် အခုအခါ နည်းနည်းတော့ စဲသွားပြီ။ သို့သော် မိုး မတိတ်သေးပါ။

လက်ဆွဲသေတ္တာကို လက်တစ်ဖက်၊ ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ကျွန်မ အခန်းထဲကထွက်တော့မည့်ဆဲဆဲ စားပွဲပေါ်မှာ ထောက်တိုင်လေးဖြင့် တင်ထားသော ဓာတ်ပုံတစ်ခုဆီသို့ လှမ်းကြည့်လိုက်မိသည်။ ဟင့်အင်း မယူနဲ့။ မှန်ပေါင် သွင်းထားတာမို့ ကွဲမှာ ရှမှာ စိုးရသည်။ အိပ်ခန်းထဲမှာပဲ နေခဲ့ပါစေတော့။ မဖြစ်သေးပါဘူး။ ယူမှ ဖြစ်မှာပါ။ ကျွန်မအနားမှာ Young မရှိပေမယ့် ဒီဓာတ်ပုံလေးတစ်ခု ရှိနေဖို့လိုပါသည်။ ကျွန်မ ဖျတ်ခနဲ ဆွဲယူလိုက်ပြီး ကျောပိုးအိတ်ထဲသို့ ထည့်လိုက်စဉ် ခြံရှေ့ ဆီမှ ဟွန်းတီးသံတစ်ခု ကြားလိုက်ရသည်။ အငှားကား ရောက်လာပြီထင်ပါရဲ့။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now