26

165 8 0
                                    

Youngနှင့်ကျွန်မ၏ နောက်ဆုံးနေ့ကို ကျွန်မ အမျိုးမျိုးအဖုံဖုံ ကြိုတင် စိတ်ကူးကြည့်ခဲ့ဖူးပါသည်။ မာဆေးလေဆိပ်သို့ အလာတုန်းက Markက လာကြိုခဲ့ပေမယ့် အပြန်မှာ Young ကျွန်မကို လေဆိပ်အထိ ပြန်ပို့ပေးမည်ဟု မျှော်လင့်ကြည့်ခဲ့သည်။ နောင်ဘယ်တော့ ပြန်တွေ့မည်ဟု မသေချာသော ခွဲခွာရမည့်အချိန်တွင် Young သည် ကျွန်မ ရင်ခွင်ထဲသို့ ခေါင်းဝင်တိုးလျက် မငိုသလို ငိုသလို အသံအက်အက်ဖြင့် နှုတ်ဆက်လာလိမ့်မည်။ ကျွန်မ၏နှလုံးသားက Young အနားမှာ ကျန်ရစ်ခဲ့ပြီး ကျွန်မကိုယ်ခန္ဓာကတော့ လေဆိပ် လူဝင်မှုကြီးကြပ်ရေး ကောင်တာတွေဆီသို့ ခြေလှမ်းနှေးနှေးဖြင့် နွမ်းနယ်စွာ ကြေကွဲစွာ လှမ်းနေရလိမ့်မည်ဟု တွေးခဲ့သည်။

သို့သော် Young ဘက်ကလည်း ကျွန်မ စိတ်ထိခိုက်မှုနည်းအောင် သို့မဟုတ် သာသာထိုးထိုးလေး တွေးကြည့်လျှင် Youngကိုယ်တိုင်၏ စိတ်ထိခိုက်မှုနည်းအောင် အသက်သာဆုံးနည်းကို သူ့နည်းသူ့ဟန်နှင့် တွေးနေခဲ့မည်ထင်ပါသည်။

“မမ.... Young မမကို လေဆိပ်လိုက်ပို့ပေးရမလားဟင်”

Youngက ပါးနပ်သော ရင့်ကျက်သော လူတစ်ယောက်ဖြစ်ခဲ့ပါပြီကော။

သူ့ဘက်က အမှားနည်းနိုင်သမျှ နည်းလိုသူ ဘာကိုမှ ဆုံးဖြတ်ချက် ချမပေးလိုသူ လူလည်တစ်ယောက်လည်း ဖြစ်နေပြီပေါ့နော်။

“မင်းက လိုက်မပို့ချင်ဘူးလား Young”

“မမက ပို့စေချင်သလားလို့ မေးတာပါ”

“မမကလည်း မင်းလိုက်မပို့ချင်ဘူးလားလို့ မေးနေတာ”

သူ သက်ပြင်းတစ်ချက် ရှိုက်၏။

“မမ လိုက်ပို့စေချင်ရင် Young လိုက်ပို့မယ်။ မမ မလိုက်စေချင်ရင် လိုက်မပို့ပေးဘူး။ မမ ဘယ်လိုဖြစ်စေချင်လဲ”

လိမ္မာပါးနပ်လိုက်သည့် ကောင်မလေးဟု ခါးသက်သက်ပြုံးမိသည်။

“မမက ဘာကို ဖြစ်စေချင်တယ်ဆိုတာထက် Young ဘယ်လို ဖြစ်ချင်သလဲဆိုတာကို မမ ပိုစိတ်ဝင်စားတာပါ”

သူ ရယ်သည့်အခါ ရယ်သံက အက်တက်တက်။

“ဒါဆို မမ တော်တော် ပြောင်းလဲသွားပြီလို့ မှတ်ချက်ချရမယ် ထင်တယ်နော်။ အရင်ကတော့ Young ဘဝတစ်ခုလုံးကို မမလက်ထဲမှာ Young ထည့်ထားတာ။ မှောက်လိုမှောက် လှန်လိုလှန် မမ စိတ်တိုင်းကျပဲ Young နေခဲ့တာ”

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now