23

80 8 0
                                    

ကျွန်မ Youngကို စိုက်ကြည့်နေခဲ့သည်မှာ တစ်နာရီမက ကြာခဲ့ပြီ။ အပြင်ဘက်မှာ အမှောင်ထုလွှမ်းမိုးနေ၏။ ကောင်းကင်ကို အခန်းထဲမှ တစ်ဝက်တပြက် လှမ်းမြင်ရသလောက်တော့ ကြယ်ရောင်ပျပျသာ လင်းလျက် လကို လုံးဝမမြင်ရ၊ လကွယ်ခါနီးလပဲ။ ညဉ့်နက်မှ လထွက်မှာပေါ့။ သူတို့ ပြင်သစ်အခေါ်ကတော့ ဒီလိုလမျိုးကို လအဟောင်း vieille line တဲ့။ လပြည့်ကနေလွန်ပြီး တဖြည်းဖြည်း ပြန်ငယ်သွားတဲ့လေသတဲ့။ ဒီတော့ အခု ဩဂုတ် ၃၁ရက်နေ့ည Youngမွေးနေ့ညမှာ ညဉ့်နက်နက်မှာ ကျွန်မ အပြင်ထွက်ရင် လအဟောင်းကို တွေ့ခွင့်ရမည်။

အခုတော့ Youngထံမှ တယ်လီဖုန်းကို စောင့်နေရင်း စားပွဲပေါ်မှာ ထောင်ထားသော Young ဓာတ်ပုံကို ကျွန်မ စိုက်ကြည့်နေပါသည်။ ဒီဓာတ်ပုံက ကျွန်မ ဘယ်နေရာသွားသွား ပါလာမြဲ ဓာတ်ပုံလေးပါ။ အနံငါးလက်မ အလျားခုနစ်လက်မ အရွယ်ပါ။ မှန်ပေါင်ဆိုလျှင် ခရီးဆောင်သယ်ရတာ လေးမှာစိုးလို့ ကွဲမှာစိုးလို့ ဂျပ်စက္ကူပေါ့ပေါ့လေးနှင့် ဘောင်သွင်းထားသည့် ဓာတ်ပုံ။

Youngက ကျွန်မကို ပြုံးမယောင်ယောင် နှုတ်ခမ်းပါးလေး ကော့ပျံလျက် မပြုံးသလို ပြုံးသလို မထိတထိ မျက်လုံးတို့ဖြင့် စိုက်ကြည့်နေသည်။ ကျွန်မအိမ်ကို လာတုန်းက ကျွန်မ ရိုက်ထားခဲ့သည့် ဓာတ်ပုံ၊ ကင်မရာအလွယ်တကူမရှိလို့ အံဆွဲထဲအထိလည်း သွားရှာမနေနိုင်တော့လို့ စိတ်ကူးရတုန်း တယ်လီဖုန်းဖြင့် အမှတ်မထင် ရိုက်ယူလိုက်သည့်ပုံ။

ကျွန်မတို့ ထိုအချိန်က ထမင်းစား စားပွဲမှာ ထိုင်နေကြသည်။ Youngက ကော်ဖီသောက်ချင်သည်ဆိုလို့ Young အတွက် ကော်ဖီဖျော်မည်ပြုတုန်း Youngက ဘာစိတ်ကူးပေါက်သည်မသိ။ စားပွဲပေါ်သို့ လက်ဖျံနှစ်ဖက်ကို တစ်ခုနှင့်တစ်ခု ယှက်လျက်သား အလျားလိုက်ချပြီး လက်ဖမိုးတစ်ခုပေါ်မှာ မေးတင်လျက် ကျွန်မကို လှမ်းကြည့်နေခဲ့သည်။ Youngမျက်လုံးတွေကသာ ကျွန်မ၏ လှုပ်ရှားမှုနောက်သို့ လိုက်ပါကြည့်နေသော်လည်း Youngမျက်နှာက လုံးဝနေရာမရွှေ့ Young ဦးခေါင်းက လုံးဝ နေရာမရွှေ့။ ပျင်းတွဲ ဖြေဖြေလျော့လျော့ ထိုဟန်အမူအရာလေးကို ကျွန်မက ကြည့်ရင်းနှင့် ချစ်သွားကာ အနားမှာ အလွယ်တကူ ရှိသည့် တယ်လီဖုန်းကို ကိုင်လျက် ချိန်လိုက်သည်။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now