(၃) လွင့်မျောတိမ်လွှာစခန်း

263 32 11
                                    

Unicode

ယွင်လင်က တိုကင်ကို ထိရန် လက်လှမ်းလိုက်သော်လည်း ဗလာဖြစ်နေသည့် လေထုကိုသာ ထိတွေ့မိပေသည်။ ထိုသည်မှာ သူမက ပုံရိပ်ယောင်ကိုသာ မြင်တွေ့ရပြီး သစ်သားတိုကင်ပြားက အမှန်တကယ် မတည်ရှိသလိုပင် ဖြစ်သည်။


သို့သော် သူမ တိုကင်အနီးသို့ ရောက်လာသည့်အခါ သူမအရှေ့ရှိ စကားလုံးများက ပြောင်းလဲသွားပေသည်။ [စခန်းကို ရောက်ရှိလာတဲ့အတွက် ကစားသမားကို ဂုဏ်ပြုပါတယ်။]

[ဂိမ်းကို တရားဝင်စတင်ပြီးနောက် ကစားသမားက သင့်ရဲ့ နယ်မြေကို ကိုယ်တိုင် နာမည်ပေးနိုင်မှာ ဖြစ်ပါတယ်။]

[ဂိမ်းစတင်ဖို့အတွက် အချိန် သုံးမိနစ်နဲ့ သုံးဆယ့်သုံးစက္ကန့် လိုနေပါသေးတယ်။]

ယွင်လင့်ခေါင်းထဲမှ ပထမဆုံးအတွေးမှာ VR ဂိမ်းက အစစ်အမှန် ဂိမ်းတစ်ခု ဖြစ်လာတာလား။


ဒုတိယအတွေးမှာ သူမ အခြားလူများကို သတိပေးသင့်လား။


သို့သော် နောက်တခဏတွင် ထပ်၍ တွေးလိုက်မိသည်မှာ သူမက မည်သူတို့ကို သတိပေးရမည်နည်း။


သူမ၏ မိဘများက သူမ တက္ကသိုလ်တက်နေစဥ် ကွယ်လွန်သွားခဲ့ပြီး သူမအတွက် အိမ်နှစ်လုံးနှင့် အာမခံကြေးငွေ ရှစ်သိန်း ချန်ထားရစ်ခဲ့သည်။


သူမ၏ အဘိုးအဘွားများကလည်း သူမ ငယ်စဥ်ကတည်းက နေမကောင်းဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။


သူမ မိဘများ ကွယ်လွန်သွားပြီးနောက် ကျန်နေသည့် ဆွေမျိုးများနှင့်လည်း အဆက်အသွယ်မရှိခဲ့ပေ။ သူမ၏ နောက်ဆုံးဆဲလ်ဖုန်းက အခိုးခံလိုက်ရကာ သိမ်းထားသည့် ဖုန်းနံပါတ်အားလုံး ပျောက်ဆုံးသွားလေသည်။


ထို့ပြင် သူမက သူတို့အား ဆက်သွယ်ခဲ့လျှင်ပင် ဘာပြောနိုင်မှာလဲ။ သူမက သူတို့ကို နောက်သုံးမိနစ်နေရင် ကမ္ဘာကြီးတစ်ခုလုံးက ဂိမ်းကမ္ဘာဖြစ်လာတော့မှာမို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး လုံခြုံအောင် နေကြလို့ ပြောရမှာလား။

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now