“မောင့်ကြောင့် အရမ်း ပင်ပန်းနေပြီမလား၊ရပ်လိုက်ကြရင် ကောင်းမယ် ထင်တယ်”
ချစ်ရတာ ပင်ပန်းကြောင်း ဂျွန်ကယူသင်ယူဖူးတယ်။တကယ်လည်း ခက်ခဲကြောင်း မောင်က သင်ပြခဲ့တာ။မောင့်လို အချစ်သင်ခန်းစာကို အသည်းကွဲတဲ့အထိ ပိုင်ပိုင်နိုင်နိုင်သင်ပေးနိုင်တဲ့ ဆရာကောင်းတစ်ယောက်ကို ရခဲ့လို့ ဂျွန်ကယူ သိပ်ကို ကံကောင်းတယ်မလား။
အဟက်...တွေးထင်စရာတွေ သိပ်များနေပေမယ့် တစ်မိုးအောက်က မောင့်မျက်နှာ ချောချောလေးကို ငေးကြည့်ရတာ ဂျွန်ကယူ သိပ်ကို ဝါသနာပါတယ်။သူသိပ်သဘောကျတဲ့ မျက်နှာချောချောလေးထက်က မျက်ခုံးတွေ တွန့်ချိုးနေရင်တောင် မောင်က သိပ်ကို ကြည့်ကောင်းနေတာ။
“မောင် ပြောတာကို မသိချင်ယောင် ဆောင်နေတာလား မောင့်ဂျွန်”
“မဟုတ်ရပါဘူး...မောင်ပြောနေတာ ငါတို့ အကြောင်းမဟုတ်တော့ နားမထောင်မိရုံတင်။”
စိတ်မရှည်သလို သက်ပြင်းရှည်ကြီး ချလိုက်တဲ့ မောင့်ပိုင်ဆိုင်မှု လေငွေ့နွေးနွေးက ဂျွန်ကယူ့ မျက်နှာဆီကို ခိုဝင်လာတယ်။အောက်နှုတ်ခမ်းကို မောင်မသိအောင် ဖိကိုက်ရလွန်းလို့ သွေးခြေတွေတောင် ဥနေပြီ။ဒါကို မောင်က ရိပ်မိချင်မှ ရိပ်မိလိမ့်မယ်။
“လမ်းခွဲဖို့ ဆိုရင် ငါ့ဘက်ကတော့ လက်မခံနိုင်ဘူး မောင်။မောင့်အချစ်ကို ရဖို့ ကြိုးစားခဲ့တာ ဘယ်လောက်ခက်သလဲဆိုတာ ငါကိုယ်တိုင်အသိဆုံး။”
အေးစက်တုန်ယင်လာတဲ့ လက်နှစ်ဖက်။မေလ ဖြစ်တာနှင့်အညီ ချွေးတွေကလည်း လောင်းကုတ်ရှည်အောက်မှာ တငွေ့ငွေ့ထွက်လာ၏။အနိမ့်အမြင့် မညီတဲ့ ဘယ်ဘက်ရင်အုံက ရင်ခုန်သံ စည်းချက်တွေဟာလည်း မြန်လွန်းလို့ သူကိုယ်တိုင်ပင် မှတ်ထားဖို့ အချိန်မရလိုက်။
အမြဲတမ်း တစ်သတ်မှတ်တည်းရှိနေတဲ့ မောင့်မျက်နှာ အချိုးအစားဟာ အခုအချိန်မှာ စိတ်ရှုပ်နေဟန်။မောင်ပျော်အောင်လုပ်ပေးချင်ပေမယ့် လမ်းတော့ မခွဲပါရစေနဲ့မောင်။မောင် မရှိရင် ကင်မ်ဂျွန်ကယူဆိုတဲ့ လူသားက အသက်ရှိမှာ မဟုတ်တော့ဘူး။