စောင်အနားစကို ဆွဲယူလိုက်တဲ့ ရွေ့လျားမှု တစ်ခု။ပြင်းရှရှ အယ်ကိုဟော ရနံ့နဲ့အတူ မောင့် ဆံနွယ်တွေက ရနေကျ ဖြန်းဆေးရနံ့တို့က အလုံးအရင်းပင် အခန်းထဲမှာ လှိုင်တက်လာ၏။
ထို့ကြောင့် ဂျွန်ကယူ မျက်ဝန်းတွေကို အသာအယာ ဖွင့်လိုက်ရင်း ဘေးက မီးအိမ်ကို ဖွင့်လိုက်တော့ မောင့်ရဲ့ လှုပ်ရှားမှုတွေက ခဏတာ ရပ်တန့်သွားလေ၏။မောင်တို့ ပါတီတက်လာတာ ဖြစ်နိုင်ပါ၏။
တစ်ခါတစ်လေ မောင်က အရက်သောက်တက်ပေမယ့် အရမ်းကြီးဆိုးတဲ့အထဲ မပါ။သောက်လာတိုင်း ဂျွန်ကယူဘေးမှာ အေးအေးဆေးဆေး အိပ်သွားတာချည်း။အခုလည်း အိပ်ဖို့ ပြင်နေပြန်ပြီ။
"မောင့်ကြောင့် နိုးသွားတာလား ဂျွန်"
"မဟုတ်ပါဘူး ငါ တရေးနိုးလာတာ မောင်"
ဂျွန်ကယူ ငုတ်တုတ်ထိုင်လိုက်ရင်း မောင့်လှုပ်ရှားမှုတွေကို မျက်တောင် မခတ်တမ်း ငေးကြည့်နေမိသည်။လောင်းကုတ်ရှည်ကို ချွတ်ကာ သာမန် အင်္ကျီအပါးလေးကို ဝတ်ကာ ဂျွန်ကယူဘက်ကို လှည့်ကာ ပြုံးပြလာတော့ အလိုက်သင့်ပင် ပြန်ပြုံးပြလိုက်မိသည်။
"ညနေစာ ဘာစားထားလဲ မောင့်ဂျွန်"
"ခေါက်ဆွဲပြုတ်နဲ့ ထမင်း"
"ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ ပုဇွန်တွေရော ထည့်ရဲ့လား။ပြီးတော့ မောင် ကြက်သားကြော်ခဲ့တယ်လေ"
"ငါမှ ကြက်သားကြော် မစားချင်တာ"
ဂျွန်ကယူ အနည်းငယ် အသံဖျော့သွားတော့မှ ကုတင်ပေါ်ကို တင်ပါးလွှဲကာထိုင်ချလာသော မောင်က မိတ်ကပ်တွေ မဖျက်ရသေးတာကြောင့် မျက်ဝန်းအောက်က ငွေမှုန်လေးတွေက တလက်လက်။
မဟုတ်မှ ရုပ်ရှင် မိတ်ဆက်ပွဲများလား။ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမယ့် မောင်က အခုလို မိတ်ကပ်ပြင်မှာ မဟုတ်ဘူးလေ။ပွဲအတော်ကြီးလို့သာ ပြင်ဆင်ထားတာ ဖြစ်မှာပါ။
"မောင် ပီဇာ ဝယ်လာတယ်။ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်ဂျွန်...မနက်ဖြန်မှ စားလိုက်"
"အင်း မနက်မှ စားမယ်။ဒါနဲ့ မောင် မိတ်ကပ် မဖျက်ဘူးလား။ဒီ အမှုန်လေးတွေက ယားမယ်ထင်တယ်နော်"