အပိုင်း (57)

544 105 5
                                    

Burmese Translation of “After Marrying The Male God”.

Translator – ScartletAnemone
----------
အပိုင်း 57 - ဆေးလိပ်
-----------

“စိတ်ငြိမ်သွားအောင်လို့ ‌သောက်နေတာ”
------

ဧည့်ခန်းက တဒင်္ဂလောက် ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်သွားခဲ့သည်။

ဖူမင်ယယ်၏အကြည့်က ချီပိုင်ချာထံ ရောက်သွားခဲ့၏။

လူငယ်လေးက ချောင်ချိချိ ညဝတ်အင်္ကျီကို ဝတ်ထားခဲ့ပြီး၊ သူ၏ညှပ်ရိုးထက်‌မှာလည်း မနေ့ညတုန်းက ချန်ရစ်ခဲ့တဲ့ အမှတ်အသားရာတွေ ရှိနေသေး၏၊ သူ့မျက်ခုံးတို့က လှပပြီးတော့ မျက်စိပသာဒဖြစ်ကာ၊ အသွင်အပြင်ကလည်း သူရင်းနှီးပြီးသား အသွင်အပြင်ပင်ဖြစ်သည်။

ဖူမင်ယယ်လည်း အောက်ငုံ့ပြီးတော့ ကြမ်းပြင်ထက်က ဖန်ကွဲစတွေကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ လူငယ်လေး၏ဒဏ်ရာလုံးဝမရှိသော လက်ချောင်းတွေကို ပြန်ကြည့်လိုက်မိပြီး၊ သူနှင့်လုံးလုံးကြီး စိမ်းသက်နေသလို ခံစားလိုက်ရပြန်သည်။

အရင်ဦး‌ဆုံး ဖူမင်ယယ်တစ်ယောက် သူအမြင်မှားတာပဲဟု တွေးလိုက်မိ၏။

ဘယ်လိုလုပ်ပြီးတော့ အားနွဲ့လှတဲ့ ချာချာက ဖန်ခွက်ကို လက်ချည်းသက်သက်နဲ့ ခွဲနိုင်မှာတဲ့လဲ။

အဲဒီ့နောက်မှာတော့ သူအနံ့မှားရလိုက်တာပဲဟု ထင်မိပြန်သည်။

အသက်စမ်းရေထည့်ထားခဲ့တဲ့ သူ့ဖန်ခွက်က အကောင်းအတိုင်းကြီး ရှိနေတဲ့ဟာကို၊ ဘယ်လိုလုပ်ပြီးတော့ ချာချာ့ရဲ့လက်ကနေပြီးတော့ အသက်စမ်းချောင်းကရေရဲ့ရနံ့ကို သူရနေရတာလဲ။

နောက်ဆုံးအနေနှင့် သူနားကြားမှားလိုက်တာဟု တွေးမိ၏။

ဘယ်လိုလုပ်ပြီးတော့ ချာချာက သူက သူတော်ကောင်းယောင်ဆောင်နေတဲ့ဟာဆိုပြီးတော့ ပြောမှာလဲ။

အဆုံးမှာတော့ သူကောက်ချက်ချလိုက်၏။ “ကိုယ် အခုထိ အိပ်ရာကနေပြီးတော့ မနိုးသေးတာပဲ ဖြစ်ရမယ်။ မနေ့ညတုန်းက အရမ်းပင်ပန်းခဲ့တာမို့လို့… ပြန်အိပ်လိုက်ဦးမယ်”
ပြောပြောဆိုဆိုနှင့်ပင် သူထရပ်လိုက်ပြီး၊ အိပ်ခန်းဆီ သွားဖို့ ပြင်လိုက်၏။

သူ့အနောက်ရှိ ချီပိုင်ချာက အေးတိအေးစက်ဖြင့် ပြောလာခဲ့သည်။

“အရှင်ဆိုးယုတ်ခြင်းနတ်ဘုရား”

ဆိုးယုတ်ခြင်းနတ်ဘုရား : အဟင့်

အခုတော့ သူ့ကိုယ်သူ လိမ်ချင်ရင်တောင်မှပဲ၊ လိမ်လို့မရတော့ပေ။

ဖူမင်ယယ်လည်း ချက်ချင်းလှည့်ပြီးတော့ တုံ့ဆိုင်းမှုမရှိ ‌ဖန်ကွဲစတွေပေါ်မှာ ဒူးထောက်လိုက်၏။

“ကိုယ် မှားသွားပါတယ်”

ချီပိုင်ချာက မျက်မှောင်ကြုတ်လိုက်၏။ နတ်ဘုရား၏ခန္ဓာကိုယ်က ကြံ့ခိုင်ပြီး၊ ထက်ရှလှသည့် နတ်လက်နက်တို့ဖြင့်သာ အနာတရဖြစ်အောင် လုပ်လို့ရ၏။ ဖန်ကွဲစလေးလောက်ကတော့ သေချာပေါက်ကို မနာသလို ယားတောင်မယားပေ၊ သူ့အရေပြားကိုပင် ပွန်းပဲ့အောင် လုပ်နိုင်ခြင်းမရှိချေ။မြင်ရတာ စိတ်မချမ်းမြေ့ရုံသာပင်။

သူ အေးစက်စက်ဖြင့် ဆိုလိုက်၏။ “ထပြီးတော့ … ကောင်းကောင်းမွန်မွန်ပြော”

ဖူမင်ယယ်က သနားစဖွယ်ဆိုလိုက်၏။ “မင်း ကိုယ့်ကိုခွင့်လွှတ်မပေးရင်… ကိုယ်မထဘူး”

ချာချာက အခုထိ သူ့ကို စိတ်ပူပေးနေတုန်းပင်။
ချီပိုင်ချာက လှောင်ရယ်ရယ်လိုက်ပြီးတော့၊ လက်ကိုမြှောက်ပြီး တစ်ဝက်ဝှေ့ယမ်းလိုက်ရာ၊ ရေခဲပန်းဆွဲတွေ တပြုံလိုက်ပြီး ဧည့်ခန်းကြမ်းပြင်ထက်မှာ ပေါ်လာခဲ့သည်။

“ခင်ဗျား ဒူးထောက်မယ်ဆိုရင်လည်း… အဲဒီ့ပေါ်မှာ ထောက်ချည်”

ဖူမင်ယယ် : “…” အဲတာကြီးတွေက ကြည့်ရတာ တကယ်နာမယ့်ပုံကြီး။

သူ့ရဲ့နောက်ဆုံးလက်ကျန် ကံကောင်းမှုက မ‌ရှိတော့ပေ၊ သူ့ဇနီးလေးက တစ်ကယ်ကို နှင်းနတ်ဘုရားဖြစ်နေခဲ့သည်။

အခြေအနေကို မြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်အောင်လို့ နေတတ်သည့် ယောင်္ကျားတစ်ယောက်အနေဖြင့်၊ ဖူမင်ယယ်လည်း အဆုံးမှာတော့ ထရပ်လိုက်ပြီး၊ ချီပိုင်ချာ၏ဘေးနားမှာ ကြိုးစားပမ်းစားဖြင့် ဝင်ထိုင်လိုက်သည်။ “မင်းရဲ့လက်နာနေသေးလား။ ကိုယ် လေနဲ့မှုတ်ပေးမယ်လေ”

ချီပိုင်ချာက ခေါင်းကို တစ်ဖက်လှည့်ပြီး၊ သူ့ကိုလစ်လျူရှုလိုက်၏။

သူက အရူးလိုပင်။ ဖူမင်ယယ်၏ဘဝသတ်တမ်းနှင့် ပတ်သတ်ပြီးတော့ သူ့မှာအမြဲတမ်းလိုလို စိုးရိမ်ပူ‌ပန်နေခဲ့ရပြီး၊ စမ်းသပ်မှုတွေကို ရင်ဆိုင်ရင်းဖြင့် သူ့ကို ထာဝရရှင်သန်သူဖြစ်အောင် လုပ်ဖို့အတွက် နည်းလမ်းဖွေရှာခဲ့ကာ၊ အသက်စမ်းချောင်းကရေဘူးလေး တစ်ဘူးအတွက်နှင့် သူ့ဂုဏ်သိက္ခာကိုတောင်မှ ပစ်ပယ်ပြီးတော့ နတ်ဘုရားနှင့် တိုက်ခိုက်ခဲ့၏။ 

အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ရပြီးနောက်မှာတော့ ၊ သူက ထိုဟာကို လိုတောင်မလိုအပ်ဘဲ၊ တိုက်ခိုက်နေစဉ်တုန်းကလည်း လှောင်ပြောင်ခံခဲ့ရ၏။

ဒါက အံ့ဩဝမ်းသာရမှာလား။ မထင်မှတ်ထားတာလား။ ဒါမှမဟုတ် စိတ်လှုပ်ရှားရမှာလား။
ဘယ်လိုပဲဖြစ်နေပါစေ အခုတခဏမှာတော့ ဖူမင်ယယ်ကို ချီပိုင်ချာတစ်ယောက် အသိအမှတ်ပြုချင်စိတ် လုံးဝမရှိပေ။

“ကိုယ်တောင်းပန်ပါတယ်… ဟုတ်ပြီလား…” ဖူမင်ယယ်က အားနည်းစွာဖြင့် ဆိုလိုက်၏။ “မင်းဖြစ်နေမှန်း ကိုယ်မသိခဲ့ဘူး”

ချီးပဲ… သူ ဘာလုပ်မိခဲ့တာလဲ။

“ဆိုလိုတာက ကျွန်တော်မဟုတ်ဘဲနဲ့ တခြားသူဆိုရင်… ဒီလိုလုပ်ဖို့ အဆင်ပြေတယ်ဆို‌တဲ့ သဘောပေါ့”

ချီပိုင်ချာက ပြန်လှည့်ကြည့်ပြီးတော့ သူလုပ်ခဲ့တာတွေကို တစ်ခုချင်းစီ ရွတ်ပြလိုက်၏။
“သူများရဲ့ပစ္စည်းကိုလုတယ်… သူများတွေကို တိုက်ခိုက်လာအောင်လို့ နှောင့်ယှက်တယ်၊ သူများတွေကို အခြေအမြစ်မရှိ စွပ်စွဲတယ်”

သူတို့ကို သူတော်ကောင်းယောင်ဆောင်နေတဲ့ဟာတွေလို့ ခေါ်တယ်။

ဖူမင်ယယ်တစ်ယောက် နေရာမှာတင် အတိတ်မေ့မသွားမိတာကို မုန်းတီးမိ၏။

ထိုသူက ချာချာသာဖြစ်‌မနေခဲ့ဘူးဆိုလျှင်၊ ဖူမင်ယယ်က တစ်ကယ်ကိုပင် သူဘာမှအမှားမလုပ်မိဘူးဟု ခံစားမိမှာဖြစ်သည်။ ဤလောကကြီးထဲမှာ အင်အားကြီးသူတွေက လေးစားခံရကြပြီး၊ ရယူနိုင်စွမ်းရှိသည့်သူက ပိုင်ဆိုင်ခွင့်ရှိ၏။ ဆိုးယုတ်ခြင်းနတ်ဘုရား၏ လော့ဂျစ်အရဆိုလျှင်၊ သူက ဘယ်သောအခါမှ မမှားပေ၊ မှားသည့်သူက အမြဲတမ်း တစ်ဖက်လူပင်ဖြစ်သည်။

သို့စေကာမူ တစ်ဖက်လူက ချာချာဆိုလျှင်တော့…
အဲလိုဆိုရင် အပေါ်ကလော့ဂျစ်က ဂျောင်းလိုက်တော့ပဲ။ စိတ်မကောင်းပါဘူး၊ သူ့မှာ ဒီလိုမျက်နှာလိုက်တတ်တဲ့ အကျင့်ရှိနေလို့။

“အကုန်လုံးက ကိုယ့်အမှားပါ” ဖူမင်ယယ်က သူ့အမှားကို ပြတ်ပြတ်သားသား ဝန်ခံလိုက်သော်ငြားလည်း၊ နောင်တရခြင်းမရှိပေ။

“ဒါပေမယ့် အဲဒီ့သူက မင်းမဟုတ်ဘူးဆိုရင်တောင်မှပဲ၊ ကိုယ် တိုက်ခိုက်ဦးမှာပဲ”

“ခင်ဗျား”

“ရေလေးသောက်ပြီးတော့… စိတ်လျှော့လိုက်နော်” ဖူမင်ယယ်က စားပွဲပေါ်တင်ထားသော ဖန်ခွက်ကို ‌ချီပိုင်ချာအား ကမ်းပေးလိုက်၏။ ဒီတစ်ကြိမ်မှာတော့ သူက အသက်စမ်းချောင်းကရေကို ရိုးရိုးသာမန်ရေကဲ့သို့ သဘောထားလိုက်တာပင်။

ဖန်ခွက်က ချီပိုင်ချာ၏လက်တွေထဲကို ထိုးပေးခံလိုက်ရပြီး၊ အသက်စမ်းချောင်းကရေ၏ရနံ့က ထိုဆီကနေပြီးတော့ ထွက်နေခဲ့သည်။

ချီပိုင်ချာ၏လှုပ်ရှားမှုတို့ ရပ်သွားခဲ့၏။

သူဖန်ခွက်ကို ငုံ့ကြည့်လိုက်မိပြီး၊ ရုတ်တရက်ဆိုသလို နည်းနည်းလောက် စိတ်ထဲ မသက်မသာ ခံစားလိုက်ရသည်။

“ခင်ဗျားက ကျွန်တော့်အတွက် အသက်စမ်းရေကို လုခဲ့တာလား”

သူက ငတုံးမဟုတ်ပေ။ စစချင်း ဒေါသထွက်သွားပြီးနောက်မှာ၊ မစ္စတာဖူ၏ရည်ရွယ်ချက်ကို သူနားလည်လာခဲ့၏။ ဆိုးယုတ်ခြင်းနတ်ဘုရားက မူလကတည်းက ထာဝရရှင်သန်သူပင်၊ သူက အသက်စမ်းရေကို ဘယ်နေရာမှာသွားပြီးတော့ အသုံးချရမှာတဲ့လဲ။ မစ္စတာချီကို ထာဝရ အသက်ရှင်သန်အောင် လုပ်ဖို့ရာက လွဲပြီးတော့ပေါ့။

အကယ်၍ သူသာဆိုလျှင်လည်း၊ ထိုကဲ့သို့‌ အသက်စမ်းရေကို ရယူဖို့ အခွင့်အရေးသာ ရှိမယ်ဆိုလျှင်၊ ဘယ်လိုပဲ မလျော်မကန်ဘူးပြော‌ပြော သူလည်းပဲ တိုက်ခိုက်မိမှာဖြစ်သည်။

ဘယ်နှစ်ကြိမ်ပဲ ပြန်လုပ်ခွင့်ရပါစေ ဒါမှမဟုတ် နောက်တစ်ကြိမ်ပြန်စဖို့ အခွင့်အရေးရခဲ့မည်ဆိုပါက၊ မစ္စတာဖူနှင့်အတူ ထာဝရနေသွားဖို့ရာကိုပဲ သူအမြဲလိုလို ‌‌ရွေးချယ်မိမှာပင်။

တစ်ဖက်လူ၏နေရာကနေပြီးတော့ စဉ်းစား‌ကြည့်ပေးပြီးနောက်မှာတော့၊ မစ္စတာဖူကို သူလုံးဝ စိတ်မဆိုးနိုင်တော့ချေ။

“ ဒီထဲကရေကို ခင်ဗျား ဘယ်ကနေပြီးတော့ ရလာခဲ့တာလဲ” ချီပိုင်ချာက ဖန်ခွက်ကို ကော်ဖီစားပွဲပေါ် ပြန်တင်လိုက်၏။ ဖူမင်ယယ်လည်း နာနာခံခံဖြင့် ဖြေလိုက်၏။ “နတ်သူငယ်နတ်ဘုရားကို မေးပြီးတော့ … ရလာခဲ့တာ”

ချီပိုင်ချာက သူ့ကိုတစ်ချက်ကြည့်လိုက်၏။ “အရည်အချင်းတော့ ရှိသားပဲ”

သူ့လက်ပေါ်ရှိ ရေသူမပုလဲက မျက်လုံးထောင့်ကနေ ဖြတ်သွားခဲ့၏။

“ဒါဆိုရင် ဒီရေသူမပုလဲကလည်း ခင်ဗျား ကမ်းခြေကနေပြီးတော့ … ကောက်လာခဲ့တာ မဟုတ်ဘူးပေါ့”

ဖူမင်ယယ်က ရှက်ရှက်နှင့်ဖြေလိုက်၏။ “ကိုယ် ရေသူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အလဲအလှယ်အနေနဲ့ ရလာခဲ့တာ”

သူလည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို သွားသတိရမိလိုက်သည်။
“ဒါဆိုရင် ဒီနဂါးပုလဲကလည်း မင်းကောက်လာခဲ့တဲ့ ဖန်စကျင်ကျောက် မဟုတ်ဘူးပေါ့”

ချီပိုင်ချာက ဟွန့်ခနဲ လုပ်လိုက်၏။ “အဲဒီ့နဂါးကို ကျွန်တော်သတ်လိုက်တာ”

ထိုအနက်ရောင်ခြုံလွှာနှင့် နတ်ဘုရား၏ အကူအညီမပါ‌ရင်တောင်မှပဲ၊ ထိုနဂါးက သေမှာပင်၊ သူတို့နှစ်ယောက်စလုံး အတူတူ သေသွားကြတာ ဖြစ်နိုင်ပေမယ့်လည်းပေါ့။

ဖူမင်ယယ် : “တော်လိုက်တာ … ကိုယ့်ရဲ့ချာချာလေးက”

နတ်ဘုရားနှစ်ပါးက ဆိုဖာထက်မှာ ထိုင်ရင်းနှင့် တခဏလောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြပြီး၊ ထို့နောက်မှာတော့ ချက်ချင်းဆိုသလို တစ်ပြိုင်နက်တည်း ရယ်မိလိုက်ကြသည်။

ဖူမင်ယယ်၏ခန္ဓာကိုယ်က ရယ်နေတာကြောင့် တုန်ခါနေခဲ့၏။ “ကိုယ်ကတော့ တကယ်ကို ငတုံးပဲ … ကိုယ့်မိသားစုကသူကို မမှတ်မိရတယ်လို့။ မင်းသာ နတ်ဘုရားဖြစ်မှန်း အစောကြီးကတည်းကသာ သိမယ်ဆိုရင် … ကိုယ်ကဘာကိစ္စ အသက်စမ်းရေအတွက် မင်းနဲ့ပြိုင်ပြီးတော့ တိုက်ခိုက်မှာလဲ။  အဆုံးမှာ အဲတာက မင်းကိုပေးမှာပဲဥစ္စာ။ ကိုယ် အဲတာအတွက် မတိုက်ခိုက်ဖြစ်ခဲ့ရင်တောင်မှပဲ… မင်းက နောက်ဆုံးကျ ကိုယ့်ကိုပေးလာမှာပဲလေ…”

ဒါကတစ်ကယ်ကို ကြိုးစားသမျှ အလကားဖြစ်သွားတာပင်။

ချီပိုင်ချာက အစတုန်းက မရယ်ချင်သော်ငြားလည်း၊ ထိုအကြောင်းကို တွေးလေတွေးလေ၊ ရယ်ချင်စရာ ကောင်း‌လာလေလေဖြစ်ပြီး၊ သူမထိန်းထားနိုင်တော့ပေ။ သူဘာမှမတတ်နိုင်စွာဖြင့် ပြုံးလိုက်ပြီးတော့ ဖူမင်ယယ်၏ပုခုံးကို လက်သီးဖြင့် ထိုးလိုက်၏။

“ကျွန်တော့်မှာတော့ ခင်ဗျားသေသွားရင် … ကျွန်တော့်ဘဝတစ်လျှောက်လုံး မုဆိုးမအဖြစ်နဲ့ နေသွားရတော့မှာဆိုပြီး အမြဲတမ်း စိုးရိမ်နေလိုက်ရတာ။ ကျွန်တော့်ရဲ့ဘဝသတ်တမ်းက အရှည်ကြီးပဲဗျ… ခင်ဗျား သိရဲ့လား”

ထိုဟာကိုကြားချိန်မှာ ဖူမင်ယယ်တစ်ယောက် ရယ်ချင်မိသွားသလို တစ်ပြိုင်နက်တည်းမှာပဲ စိတ်သောကရောက်မိ၏။

ဤခံစားချက်ကို သူကောင်းကောင်းကြီး နားလည်၏။ လတ်စသတ်တော့ သူတို့နှစ်ယောက်စလုံးက ထပ်တူညီမျှ သောကခံစားနေကြရတာပင်။

ဤဟာက အသိသာကြီးကို ရင်ထဲခံစားရ‌စေပြီးတော့ နက်ရှိုင်းလှတဲ့ ချစ်ခြင်းတရားဖြစ်နေသော်ငြားလည်း၊ အမှန်တရားနှင့် ပေါင်းစည်းလိုက်ချိန်မှာ၊ ဘာကြောင့်များ အရမ်း ရယ်စရာကောင်းနေပါလိမ့်။

သူတို့က တစ်ကယ်တော့ အရူးနှစ်ယောက်ပင်။
တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်မိနေကြတဲ့ အရူးနှစ်ယောက်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့်လက်ထပ်ပြီးနောက် (Book 2)Where stories live. Discover now