Part (6)

23 0 0
                                    

Unicode Version

စိမ်းစိုနေတဲ့ လယ်ကွင်းပြင်တွေကို ကြည့်ရင်း
သတိုး ခါတိုင်းလို ကြည်နူးရမယ့်အစား....
မွန်းကြပ်နေသော ခံစားချက်ကြီးသာ ရင်ထဲ
ပြည့်နေတာမို့ သက်ပြင်းတစ်ချက်သာ
ခပ်ပါးပါးချလိုက်မိလေသည်......

စာမေးပွဲ ပြီးထဲက မကြီး နဲ့မေမေရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် နယ်ဘက်က ဆန်စက်တွေကိုလေ့လာဖို့ ရောက်နေရခြင်းသာ.......
လေးဘက်လေးတန်ဘယ်ကိုကြည့်ကြည့် လယ်ကွင်းတွေဖြင့် ပြည့်နှက်နေသော
ပတ်ဝန်းကျင်ကို သတိုး တစ်ချက်
ပတ်ကြည့်လိုက်ပြီးမှ မောမောနဲ့ လယ်ကန်သင်းရိုးဘောင်ပေါ် ထိုင်ချလိုက်သည်.......

''ဘယ်လိုလဲ ကောင်လေး မောနေပြီလား''

ကွမ်းသွေးတွေနဲ့ နီရဲနေတဲ့ သွားတွေကိုဖြဲကာ
ရီပြနေသော ကိုသိန်းမောင်ရဲ့ အမေးကြောင့်
သတိုး ခပ်လေးလေးသာ ခေါင်းခါပြလိုက်သည်..
ကိုသိန်းမောင်က ဖေဖေ့ရဲ့
လူယုံဆိုလဲမမှား.....
ဒီနယ်တစ်ကြောမှာတော့ ကိုသိန်းမောင်ဆို
မသိတဲ့သူမရှိသလောက်ပါပဲ......
ဖေဖေ့လယ်တွေကိုရော ဆန်စက်တွေကိုပါ
ဦးစီးလုပ်ကိုင်ပေးရပေမယ့် ရိုးသားအေးဆေးတဲ့
စိတ်ရင်းကြောင့် ဖေဖေက ကိုသိန်းမောင်ဆို
သူ့ထပ်တောင်ယုံသည်.....

''ဟော မရီ ထမင်းလာပို့ပြီ
နေလဲအတော်မြင့်နေပြီ ကောင်လေးရေ
တို့ ထမင်းစားနားကြစို့''

ကိုသိန်းမောင်မိန်းမ မရီ ကိုယ်တိုင် လယ်ထဲထိ
ထမင်းလာပို့တာမို့ သတိုးလဲ လယ်ထဲက
လယ်စောင့်တဲ ရှေ့ကနေ ကြိုစောင့်နေလိုက်သည်......
ကိုသိန်းမောင်ကတော့ သူ့မိန်းမ နားအပြေးလေး
လျှောက်သွားပြီး ထမင်းချိုင့်ထည့်ထားတဲ့
ခြင်းကို ကူဆွဲကာ စကားတစ်ပြောပြောနဲ့
လယ်စောင့်တဲဆီ လျှောက်လာနေလေသည်......

''အကိုလေး ဆာနေပြီလား မရီ တောဝက်သားမှာထားတာလေး စောင့်ယူနေတာနဲ့ နည်းနည်း
နောက်ကျသွားတယ်''

တောသူပီပီ ဟန်မများတတ်သော ပကတိအပြုံးဖြင့် ပါးကွက်ကိုမျက်နှာအပြည့်
ဖွေးနေအောင်လိမ်းထားသော မရီနှင့်
ဘေးကလင်တော်မောင်ကိုသိန်းက
ရုပ်ရည်ချင်း မင်းသမီးနဲ့ လူကြမ်းလောက် ကွာပေမယ့် အရမ်းချစ်သော
လင်မယားတွေပင်.........

The Diary of IxoraDonde viven las historias. Descúbrelo ahora