(1)Unicode

1.3K 97 6
                                    


၁၀၃၂ ခုနှစ်၊ မြောက်ပိုင်းစုန့်မင်းဆက်ကာလ၊ ခိုင်ဖုန်းမြို့တော်၊ ဟဲနန်ပြည်နယ်။

နွေရာသီမနက်ခင်းမို့ စာကြည့်ဆောင်ထဲ အလင်းနွေးနွေးကလေး ဖြာကျလို့နေတယ်။တစ်ချက်တစ်ချက် လွင့်ဝဲလာတတ်တဲ့ မူသန်းပန်းရနံ့တွေဟာတော့ နှာသီးဖျားပေါ် သင်းသင်းကလေး ဖြတ်ပြေးလို့ရယ်။

ရိပေါ် ကုန်သွယ်စာရင်းတွေစစ်ဆေးတွက်ချက်နေတုန်းမှာပဲ အဖြူရိပ်ကလေးတစ်ခု ရုတ်တရက်ရောက်လာတာမို့ မျက်လွှာပင့်ကြည့်လိုက်တယ်။ ပိုးသားဝတ်ရုံဖွေးလွလွကိုဝတ်ဆင်ထားတဲ့ အမျိုးသားလေးဟာ ဆံထုံးမြင့်မြင့်ကိုလည်းကျော့ရှင်းနေအောင် ထုံးဖွဲ့ထားပါရဲ့။ လက်ထဲမှာတော့ နံ့သာခေါက်ယပ်တောင်တစ်ချောင်းကို ဖွဖွဆုပ်ကိုင်ထားပါတယ်။

"အိမ်တော်သခင်ကို အနှောင့်အယှက်ပေးမိပါပြီ"

တိုးဖွဖွခွင့်တောင်းသံက ကြည်လင်လို့နေတယ်။ခေါင်းကိုပါဆတ်ခနဲညွှတ်လိုက်တာမို့ ရွှေရောင်ဆံထိုးက နေခြည်အဟပ်မှာ လက်ခနဲ။ရိပေါ်လည်း လက်ထဲကစာရင်းစာအုပ်ကို အသာချလိုက်ပြီး ဖွဖွပြုံးရင်း ခွန်းတုံ့ပြန်လိုက်ပါတယ်။

"မဟုတ်တာ...ကိုယ်ကသာ အလုပ်ဇောကပ်ပြီး မင်းနဲ့အဖော်ပြုမပေးနိုင်ဖြစ်နေရတာပါ..."

"ကိစ္စမရှိပါဘူး...ကျွန်တော်အခု ရွှမ်းလင်တောင်ပေါ်က ဘုရားကျောင်းကိုသွားမဲ့အကြောင်း အိမ်တော်သခင်ကို လာ​အကြောင်းကြားတာပါ...လှူဖွယ်ပစ္စည်းတွေလှူဒါန်းပြီး အေးအေးဆေးဆေးဝတ်ပြုမှာမို့ ညနေမှပြန်ရောက်ဖြစ်မယ်ထင်ပါတယ်..."

နှုတ်ခမ်းပါးအောက်ခြေက မှဲ့နက်ကလေး လှုပ်ခတ်ရုံပြောနေပေမဲ့ စကားသံက ပီသကြည်မြနေပါတယ်။မျက်လွှာချထားချိန်မို့ တည်ကြည်တဲ့မျက်နှာထားဟာ ခပ်ပါးပါးလေး နူးညံ့နေသယောင်နဲ့ရယ်။ရိပေါ်လည်း နားလည်ဟန်နဲ့ ခေါင်းကိုအသာဆတ်ပြလိုက်ရင်း...

"ကောင်းပါပြီ ဒါနဲ့...အစေခံတွေရော လုံလောက်ရဲ့လား "

"လုံလောက်ပါတယ်..အထမ်းသမားတွေအပြင် အစေခံမိန်းကလေးနှစ်ယောက်ပါတာမို့ ပြည့်စုံနေပါပြီ"

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now