(4)Unicode

538 89 4
                                    


နေ့လယ်ခင်းမို့ လေပြည်အေးက အခန်းထဲ ကသုတ်ကရက်ဝေ့ဝဲလာတယ်။မူသန်းပန်းရနံ့ချိုဖျော့ဖျော့ကလေးကိုလည်း အတူခေါ်ငင်လာဖို့ မေ့မနေပါဘူး။

ရိပေါ် သူ့ရှေ့က နေ့လယ်စာတမြုံ့မြုံ့ထိုင်စားနေသူလေးကိုကြည့်ပြီး နှုတ်ခမ်းစွန်းတစ်ဖက် ယောင်ယောင်ကလေးကော့တက်သွားတယ်။အသားဟင်းခပ်များများကို တစ်ဖက်လူရဲ့ပန်းကန်ထဲ ခပ်ထည့်ပေးလိုက်တော့ မျက်ဝန်းသွယ်သွယ်တွေနဲ့ ပင့်ကြည့်လာလေရဲ့။ ဒါပေမဲ့ ခဏပါပဲ။ သူထည့်ပေးသမျှကို ဒိုင်ခံဝါးဖို့ကြံရွယ်နေသူကလေးက နောက်ဆုံးတော့ တူတစ်စုံနဲ့အလုပ်ရှုပ်သွားပြီပဲဖြစ်ပါတယ်။

သူ ဒီရက်ပိုင်းအလုပ်ရှုပ်နေလို့ အိမ်မကပ်ဖြစ်ဘူး။ အရင်တုန်းက ချဲ့ထွင်ထားလက်စ လုပ်ငန်းတွေကို အခုမှ လက်စလိုက်သတ်နေရတာမို့။နောက်ပြီး လုပ်ကြံသူတွေကို အမြန်ဆုံးဖမ်းမိဖို့ အထောက်တော်ကျန်နဲ့အတူ ပူးပေါင်းပေးနေရတာကြောင့်လည်း ပါတာပေါ့။

သူ့အမျိုးသားလေးအခုလိုမှတ်ဉာဏ်ပျောက်ဆုံးသွားတာ သူ့ပယောဂမကင်းဘူးဆိုပေမဲ့ တရားခံအစစ်တွေကတော့ ရှိပြီးသားပဲလေ။သတင်းအရဆို အနောက်အရပ်ကိုပြေးတယ်လို့တော့ သိထားရတာပဲ။ အခုဆို အထောက်တော်ကျန်နဲ့အတူ သူ့ဘက်က ကိုယ်ရံတော်ချန်ကိုပါ ထည့်ပေးလိုက်ပြီမို့ မကြာခင်သတင်းကောင်းကြားရတော့မှာ မလွဲပါဘူး။

"စားလို့ကောင်းလား"

"........."

"များများစား "

ရိပေါ် အပြောကြောင့် အမျိုးသားလေးက ခေါင်းလုံးလုံးလေးကို ဆတ်ခနဲညိတ်ပြလာတယ်။ဘယ်လောက်ပဲ အရသာရှိရှိစားနေပါစေ၊ အိန္ဒြေအပြည့်နဲ့ မြုံ့မြုံ့ဝါးနေတာမို့ ရိပေါ်သက်ပြင်းကျိတ်ချလိုက်တယ်။အစက သူတောင်သံသယဝင်မိတော့မလို့ပဲ။ရှောင်ဝမ်ရယ်မဟုတ်ဘဲ တစ်ယောက်ယောက်ကများ အစားထိုးပြီးဟန်ဆောင်လှည့်ဖျားနေသလားလို့လေ။

ဘာလို့ဆို နူးညံ့သိမ်မွေ့ပြီးယဉ္ကျေးလှတဲ့ ရှောင်ဝမ်ရယ်က အသံစူးစူးလေးနဲ့ အော်ဟစ်ဂျစ်တိုက်နေမှာမဟုတ်လို့ပဲ။ဒါပေမဲ့ ဘယ်တော့မှမှားစရာမရှိတဲ့အချက်ကိုတော့ ရိပေါ်သတိထားမိတယ်။အဲ့ဒါက အခုလို အသေးစိတ်အပြုအမူတွေပါပဲ။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now