Chapter 6

1.1K 136 0
                                    

Chapter 6
အရိုးကြံ့ခိုင်ဆေးလုံးနှင့် ဆီကြားတွင် ချင်းရှင်း သုံးစက္ကန့်မျှ ရွေးချယ်ရခက်နေပြီး နောက်ဆုံးတော့ ဆီကိုသာ ရွေးချယ်လိုက်လေသည်။
လဲလှယ်မှုပြီးသည်နှင့် ချင်းရှင်းအား စနစ်ထဲမှ ပြန်ထုတ်ခံလိုက်ရသည်။ ဆီ ၁၀၀မီလီလီတာအား ကြွေပုလင်းလေးတစ်ခုဖြင့် ထည့်ထားခြင်းဖြစ်သည်။ ပုလင်းမှာ လက်ရာအတော်ကောင်းသော်လည်း အခြားဘာထူးခြားမှုမျိုးမှ သူမ မတွေ့ချေ။
ချင်းရှင်း ပုလင်းဖုံးကို ဟလိုက်သည်နှင့် ပုလင်းထဲမှ မွှေးပျံ့သော ရနံ့တစ်ခု ပျံ့လွင့်လာသည်။ ပုလင်းထဲရှိဆီမှာ နေကြာဆီ ဖြစ်နေလေသည်။ မနက်ဖြန်ကျမှ ဤဆီကိုသုံးပြီး ငရုတ်ဆီအနှစ်တစ်ဘူးလုပ်ကြည့်မည်ဟု ချင်းရှင်း တွေးထားလိုက်သည်။
ဆီအရသာကမူ ၎င်း၏အနံ့လောက် ကောင်းမကောင်းတော့ သူမမသိသေးချေ။ ထို့နောက် ဆီပုလင်းလေးအား နံဘေးတွင် ဂရုတစိုက်ထားလိုက်ပြီး ငွေစာရင်းစတွက်လိုက်၏။ ယနေ့ဝင်ငွေက ၁၉၀၇ ယွမ်ဖြစ်သည်။ အခြားပစ္စည်းများဝယ်ရသော ယွမ်၂၁၀၊ အသီးအရွက်နှင့် ဆီကုန်ကျစရိတ် ယွမ် ၁၄၀တို့ကို ဖယ်လိုက်ပြီး ယမန်နေ့လက်ကျန်ငွေ ၁၉၁၂ ယွမ်နှင့် ပေါင်းလိုက်လျှင် ယခုလက်ရှိ ချင်းရှင်းလက်ထဲ၌ ၃၄၆၉ယွမ် ရှိလေသည်။
သူသာ ပုံမှန်ဖောက်သည်တစ်စုလောက် ရထားလျှင် အချိန်တိုအတွင်း ရောင်းကုန်နိုင်လောက်မည်ဟု ချင်းရှင်း တွေးမိလိုက်သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်လည်း ချင်းရှင်း ပစ္စည်းအမယ်များ ပြင်ဆင်၍ သုံးဘီးစက်ဘီးလေးဖြင့် ထွက်လာခဲ့သည်။
ထို့နောက် ကျောင်းဘက်သို့အသွား လမ်းတွင် လွန်ခဲ့သောရက်က အနက်ရောင်ကားနှင့် ထပ်ဆုံလိုက်ရသည်။
မောင်းသူခုံမှ လုယိမင်က ပြောလိုက်သည်။ “မိန်းကလေး မုန့်နှစ်ခုပေးပါ”
“ဟုတ်ကဲ့” ချင်းရှင်း စက်ဘီးကို ဘရိတ်အုပ်၍ နင်းသည့်နေရာမှ ဆင်းကာ မုန့်စလုပ်လိုက်သည်။ ဤဝယ်သူနှင့် ပက်သက်ပြီး သူမတွင် အမြင်ကောင်းရှိနေဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုလူက သူမဆိုင်စစဖွင့်ချင်း ရောင်းခဲ့ရသော ပထမဆုံးဖောက်သည်ပင် မဟုတ်ပါလား။
ထိုပထမဆုံးနေ့က လုယိမင်မှာ ကုဝူယွိစားပြီးပိုသောမုန့်အား မြည်းကြည့်မည်ဟု စိတ်ကူးထားခဲ့ခြင်းဖြစ်သော်လည်း မြည်းကြည့်ရန် အခွင့်အရေးပင်မရခဲ့ချေ။ ထို့ကြောင့် ယနေ့လမ်းတွင် ၎င်းမုန့်သည်အား ပြန်ဆုံသည်နှင့် လုယိမင်တစ်ယောက် ချက်ချင်းတားလိုက်ချင်းဖြစ်သည်။
ကုဝူယွိလည်း ဒေါသထွက်ပုံမပေါ်သဖြင့် သူ ကားရပ်ကာ ချင်းရှင်းအား အမြန်လုပ်ပေးဖို့ လောဆော်လိုက်မိသည်။
“ခဏလေးပါပဲရှင့်” ချင်းရှင်း၏ မုန့်လုပ်သည့်အမြန်နှုန်းက ပထမဆုံးနေ့ကထက် များစွာပိုမြန်နေခဲ့သည်။
လုယိမင်ပဲ စိတ်ထင်နေခြင်းလားမသိသော်ငြား ချင်းရှင်းလက်ကောက်ဝတ် လှုပ်ရှားမှုများက ဟိုတစ်နေ့ကထက် ပိုပြီးသန်မာနေသယောင်ပင်။ သူ အံ့အားသင့်စွာကြည့်ရင်း ငွေပေးချေရန်အတွက် QR code ကို စကန်ဖတ်လိုက်သည်။
ချင်းရှင်း ပြင်ဆင်ထားပြီးသော မုန့်နှစ်ခုကို လုယိမင်ထံ လှမ်းပေးလိုက်ပြီး သုံးဘီးစက်ဘီးလေးဖြင့် ကျောင်းဆီသို့ အမြန်ဆက်နင်းသွားလိုက်သည်။
လုယိမင်တစ်ယောက် ချင်းရှင်းထံမှ မုန့်ကိုယူကာ ကားဆီပြန်ပြေးလာပြီးနောက် နောက်ခုံမှ ကုဝူယွိထံ တစ်ချက်လှမ်းကြည့်လိုက်သည်။ ခေါင်းထဲတွင်လည်း ထိုဘော့စ်ကြီးအား မုန့်စားမလားဟု ဘယ်လိုမေးရမလဲ တွေးနေမိ၏။
ကုဝူယွိ အကြည့်ကိုမြင်သည်နှင့် နောက်မုန့်တစ်ခုအား ကပျာကယာယူကာ ကုဝူယွိထံ ကမ်းပေးလိုက်သည်။ “ဘော့စ် စားဦးမလား”
ကုဝူယွိ လက်ထဲရောက်လာသောမုန့်ကို စိုက်ကြည့်လိုက်သည်။ ဟိုတစ်နေ့ကမုန့်ထက်စာလျှင် ဒီနေ့မုန့်နံ့က ပိုမွှေးလေသည်။ ငရုတ်ဆီအနှစ်ပြောင်းထားခြင်း ဖြစ်နိုင်လောက်၏။ ပထမငရုတ်ဆီအနှစ်မှာ အရသာအလွန်ပြင်းပြီး ငရုတ်သီးအပြင် အခြားအစပ်များ အကုန်ရောထားခြင်းဖြစ်၍ ငရုတ်သီး၏ မူရင်းရနံ့ပင် ပျောက်နေလေသည်။ ယခုငရုတ်ဆီအနှစ်ကမူ ငရုတ်သီးကိုသာ အဓိကထားလုပ်ထားခြင်းဖြစ်၍ အရသာပိုကောင်း၏။ ထို့ထက်ပိုသည်က အိတ်ပေါ်၌ ယခင်တစ်ကြိမ်ကလိုပင် သူ့အားစားချင်စိတ်ပေါ်အောင် လှုံ့ဆော်ပေးနိုင်ဟန်တူသည့် ရနံ့သင်းသင်းလေးကို ရလိုက်ခြင်းပင်။ 
ရှေ့ခုံမှ လုယိမင်ကမူ အတွေးထဲနစ်နေမိသည်။ သူမူလကထင်နေသည်မှာ ကုဝူယွိတစ်ယောက် ယနေ့တော့ သွေးတွင်းအချိုဓာတ် ကျမနေသဖြင့် ဤမုန့်မျိုးအား စားမှာမဟုတ်လောက်ဟူ၍ပင်။ သို့သော်လည်း သူမထင်ထားမိသည်က ကုဝူယွိမှာ မုန့်အားအနည်းအကျဥ်းပင်စားခြင်းမဟုတ်ပဲ တစ်ခုလုံးကုန်အောင် စားလိုက်ခြင်းဖြစ်သည်။ ကုဝူယွိမှာ အရသာရှိသော အစားအသောက်ကောင်းတွေချည်း အမြဲစားနေရသဖြင့် တစ်ခါတစ်လေ ဤလိုမုန့်မျိုးအား ခံတွင်းတွေ့ခြင်းများလားဟုပင် လုယိမင်တွေးလိုက်မိသည်။ ဤတရုတ်ကော်ပြန့်မုန့်က အရသာကောင်းသည်ဆိုးသော်လည်း ကောင်းပေ့ညွန့်ပေ့ဟုတော့ ပြောမရသေးချေ။
ချင်းရှင်း ကျောင်းပေါက်ဝသို့ရောက်သောအခါ ကလေးမျက်နှာနှင့် ကျောင်းသူကောင်မလေးမှာ သူမမုန့်ရောင်းသောနေရာမှာပင် ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။ ချင်းရှင်းကိုမြင်သည်နှင့် ပျော်ရွှင်စွာဖြင့် “မမ ဒီနေ့မလာတော့ဘူးတောင် ထင်နေတာ” သူမ ယနေ့မနက်စာအတွက် ပေါက်စီဝယ်စားတော့မလို့ပင်။
ချင်းရှင်း ပြန်ပြောလိုက်၏။ “မတော်တဆမှု မရှိသရွေ့ လာမှာ” ကောင်မလေးက မုန့်မှာပြီးသည်နှင့် “မမ၊ မမမှာ WeChat အကောင့်ရှိလား။ သူငယ်ချင်း add လိုက်မယ်လေ။ နောက်ပိုင်း တစ်ကယ်မလာဖြစ်တာ ဘာညာရှိရင် WeChat က ပြောလို့ရတာပေါ့”
ချင်းရှင်းလည်း မငြင်းချင်သဖြင့် “နင်က ငါ့ဖောက်သည်ဖြစ်နေလို့နော်။ ညကျ အိမ်ပြန်ရောက်ရင် အပ်လိုက်မယ်”
ကောင်မလေးက ချက်ချင်းပင် သူမကျောင်းလွယ်အိတ်ထဲမှ စာရွက်တစ်ရွက်ထုတ်၍ နံပါတ်တွဲတစ်ခုကို ချရေးကာ ချင်းရှင်းအား လှမ်းပေးလိုက်သည်။ “အပ်လိုက်ဖို့ မမေ့နဲ့နော်”
ချင်းရှင်း စာရွက်ကိုယူရင်း ပြန်ဖြေလိုက်၏။ “စိတ်ချ” ကောင်မလေးက မုန့်အား တစ်ကိုက်ကိုက်ကြည့်ပြီး အံ့ဩတကြီးပြောလိုက်သည်။ “မမရဲ့ တရုတ်ကော်ပြန့်မုန့်က တစ်နေ့တစ်ခြားကို ပိုပိုကောင်းလာတော့တာပဲ” တရုတ်ကော်ပြန့်မုန့်အား ၂ရက်လောက်စားပြီးလျှင် တစ်ခြားမုန့်တစ်ခုခု ပြောင်းစားဦးမည်ဟု သူမ မူလကတွေးနေခြင်းဖြစ်သည်။ ယခုလိုသာ မုန့်အရသာက ဆက်ကောင်းလာနေဦးမည်ဆိုလျှင်တော့ သူမဒါကိုပဲ ဆက်စားဖြစ်နေဦးမည့်ပုံပင်။
ထိုကောင်မလေးအပြင် မုန့်အရသာကောင်းမှန်း သိသွားသော တစ်ခြားဖောက်သည်များကလည်း ချင်းရှင်းထံ ထပ်လာဝယ်ကြ၏။ ဤသို့ဖြင့် နံနက် ဆယ်နာရီလောက်မှာပင် ချင်းရှင်း မုန့်အကုန် ရောင်းကုန်သွားတော့သည်။
အိမ်အပြန်လမ်းတွင် ချင်းရှင်း ဟူရှင်းကောထံဖုန်းခေါ်၍ ယနေ့တော့ဂျုံမှုန့်ကို ဆယ်ကီလိုဂရမ်ခန့် ပိုဝယ်လာပေးရန် လှမ်းပြောလိုက်သည်။ ချင်းရှင်းက ဂျုံမှုန့်အား မုန့်ကြွပ်ချပ်ကြော်ရာတွင်လည်း သုံးသည့်အပြင် မုန့်နှစ်လုပ်ရာတွင်လည်း ဂျုံမှုန့်နှင့် ပြောင်းမှုန့်ကို 1:1 ပမာဏဖြင့်သုံးသေးရာ ပြောင်းမှုန့်များက နေ့တိုင်းပိုနေလေသည်။ ဟူရှင်းကော ဝယ်ရအဆင်ပြေစေရန်အတွက် ချင်းရှင်းက ပစ္စည်းနှစ်မျိုးလုံးအား ၂၀ကက်တီစီ အမြဲဝယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ 
စူပါမားကတ်အား ဖြတ်သောအခါ ငရုတ်သီး၊ ဆလပ်ရွက်နှင့် အခြားပါဝင်ပစ္စည်းများကို ၉၇ယွမ်ဖိုး ဝင်ဝယ်လာခဲ့၏။
အိမ်သို့ပြန်ရောက်ပြီး မုန့်လုပ်ရန်ပြင်သည်နှင့် ယမန်နေ့က စနစ်ထဲမှ လဲယူလာသော နေကြာဆီကို ငရုတ်ဆီအနှစ် စလုပ်လိုက်လေသည်။ ထိုဆီအား အိုးထဲထည့်လိုက်သည်နှင့် မီးဖိုချောင်တစ်ခုလုံး မွှေးပျံ့သော နေကြာဆီရနံ့တို့ လွှမ်းခြုံသွားတော့သည်။
ထို့နောက် နုတ်နုတ်စင်းထားသော ငရုတ်သီးများကို အိုးထဲထည့်ကာ အကြိမ်အနည်းငယ်ခန့် မွှေပေးလိုက်သည်။ အနံ့ရရုံဖြင့် သူမ သွားရည်ယိုတော့မလိုပင် ချင်းရှင်းခံစားလိုက်ရလေသည်။
အကုန်ပြီးနောက် ငရုတ်ဆီအနှစ်ကို ပန်းကန်လုံးကြီးတစ်လုံးထဲသို့ ခပ်ထည့်ပြီး ချင်းရှင်း သေချာကြည့်လိုက်မိသည်။ အရောင်က ယမန်နေ့ကထက် ပိုလှလေသည်။ မအောင့်အီးနိုင်တော့ပဲ ဇွန်းသေးသေးလေးတစ်ဇွန်းဖြင့် နည်းနည်းခပ်ကာ သူမပါးစပ်ထဲ တို့ကြည့်လိုက်မိ၏။
ပါးစပ်ထဲတွင် ငရုတ်သီးနှင့် နေကြာစေ့ရနံ့တို့ ချက်ချင်းပြည့်သွားပြီး ဤငရုတ်ဆီအနှစ် တစ်မျိုးတည်းဖြင့်ပင် သူမ ထမင်းသုံးပန်းကန်လောက် စားနိုင်လောက်သည်ဟု ချင်းရှင်း ခံစားလိုက်ရသည်။
မူလကမူ ဤဆီအား မုန့်လုပ်ရာတွင်ထည့်သုံးရန် တွေးထားသော်လည်း မြည်းကြည့်ပြီးချိန်တွင်တော့ ချင်းရှင်း နည်းနည်းပင် နှမြောသွားချေသည်။ မည်သို့ပင်ဆိုစေ ဤဆီနည်းနည်းလေးအတွက် သူမအမှတ် ၂မှတ်ကြီးတောင် သုံးခဲ့ရခြင်း မဟုတ်ပါလော။
ဘာလို့ အိမ်မှာပဲ မစားရမှာလဲ။ ထိုငရုတ်ဆီအနှစ်အားသုံး၍ ချင်းရှင်း မုန့်လေးခုလုပ်လိုက်သည်။ ထို့အပြင် ဤနေ့လုပ်သော မုန့်များထဲ၌ ပုံမှန်ထက် ငရုတ်ဆီအနှစ်ပိုထည့်လိုက်သဖြင့် မုန့်လေးခုလုပ်ပြီးနောက် ငရုတ်ဆီအနှစ် လေးပုံပုံတစ်ပုံလောက် ကုန်သွားလေသည်။
ချင်းရှင်း ရင်နာနာဖြင့် ငရုတ်ဆီအနှစ်ကို ပြန်သိမ်းလိုက်ပြီး လုပ်ထားသောမုန့်အား မေ့ကုန်းချင်နှင့် ဟူရှင်းကောတို့ကို သွားပေးလိုက်သည်။ ဤငရုတ်ဆီအနှစ်အပြင် စနစ်ထဲမှလဲ၍ရသော အခြားပစ္စည်းများကိုလည်း သူမစားခဲ့ဖူးသဖြင့် မေ့ကုန်းချင်တို့အား ကျွေးလျှင်လည်း ဘာပြဿနာမှမရှိကြောင်း သူမသိထားပြီးဖြစ်သည်။
မေ့ကုန်းချင်တို့နှစ်ဦးမှာ အရသာကောင်းလွန်းသော တရုတ်ကော်ပြန့်မုန့်အား စစားမိသည်နှင့် ကိုယ့်လျှာကိုယ် ပြန်ကိုက်မိမတတ် ဖြစ်သွားခဲ့သည်။ “ဘာလို့ ဒီမုန့်က တစ်နေ့တစ်ခြား အရသာပိုပိုကောင်းလာရတာလဲ” ဟူရှင်းကော အမှန်တစ်ကယ်ပင် နားမလည်နိုင်တော့ချေ။ နေ့တိုင်းတစ်ခုစီ စားနေရလျှင် သေချာပေါက် ငြီးငွေ့လာရမှာဖြစ်သော်လည်း ချင်းရှင်းမုန့်က အဘယ်ကြောင့်များ အရသာပိုကောင်းလာနေရသည်လဲ။ 
“အဲဒါ အထဲမှာပါတဲ့ ဆော့စ်ကြောင့်ပဲ” မေ့ကုန်းချင်က ဝင်ပြောလိုက်သည်။ “ရှောင်ရှင်း ဒီဆော့စ်မျိုးသာ လုပ်ရောင်းမယ်ဆိုရင် သေချာပေါက် နာမည်ကြီးမှာနော်”
ချင်းရှင်း ပြုံးရုံသာ ပြုံးပြလိုက်သည်။ ဆော့စ်ထဲရှိ အဓိကပါဝင်ပစ္စည်းတစ်မျိုးဖြစ်သော ဆီက ရဖို့မလွယ်သဖြင့် ဤဆော့စ်က လုပ်လို့ရမှာ မဟုတ်ချေ။
မီးဖိုချောင်နှင့် မုန့်လုပ်သောမီးဖိုတို့အား ဆေးကြောရှင်းလင်းပြီးသည်နှင့် ချင်းရှင်း အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ ယနေ့လုပ်ထားသော မုန့်လေးက ကြည့်လေကြည့်လေ ပိုစားချင်စရာကောင်းလေပင်။ ဤသို့ဖြင့် ချင်းရှင်းမုန့်အား ဓာတ်ပုံရိုက်ကာ ကွန်ပျူတာကို ဖွင့်လိုက်၏။
ထို့နောက် WeChat အကောင့်ပြန်ဖွင့်ကာ ကလေးမျက်နှာနှင့် ကျောင်းသူကောင်မလေးကို သွားအပ်လိုက်သည်။ ထိုကောင်မလေးမှာ အိမ်စာလုပ်နေရဆဲ ဖြစ်ပုံပေါ်ပြီး စာမပြန်သေးချေ။
ချင်းရှင်း Weibo page ကိုဖွင့်ကာ “ရှင်းရှင်း အစားအသောက်ကမ္ဘာ” ဟူသောအမည်ဖြင့် Weibo ဖွင့်လိုက်၏။
ထို့နောက် သူမရိုက်ထားသော မုန့်ပုံအား အရွယ်အစား ညှိခြင်း၊ အရောင်ချိန်ခြင်းများ လုပ်လိုက်ပြီး Weibo ပေါ်တင်လိုက်သည်။
[ ရှင်းရှင်း အစားအသောက်ကမ္ဘာ: ပြင်းပြင်းပြပြ တမ်းတရမယ့်ဘဝအတွက် တရုတ်ကော်ပြန့်မုန့် (ဓာတ်ပုံ) ]
ပို့စ်တင်ပြီးနောက် Weibo မှပြန်ထွက်ကာ စာရင်းစတွက်လိုက်သည်။ ဂျုံမှုန့်အပို ဆယ်ကီလိုဂရမ်ကြောင့် ယနေ့ပစ္စည်းဝယ်စရိတ်က ပုံမှန်ထက် ယွမ် ၂၀ပိုများသွား၏။ မုန့်ရောင်းရငွေက ယွမ် ၁၉၀၀ဖြစ်၍ ချင်းရှင်းလက်ထဲတွင် စုစုပေါင်း ၅၀၄၂ယွမ် ရှိနေပြီဖြစ်သည်။
စာရင်းတွက်သော software ကိုမပိတ်ရသေးခင်မှာပင် ရင်းနှီးနေပြီဖြစ်သော စက်ရုပ်သံကို ကြားလိုက်ရသည်။ “Customer 08277 မှာ ရောင်းဝယ်ရေးလွင်ပြင်စနစ်အတွင်း ဝင်ရောက်ရန် အသင့်ဖြစ်ပါပြီ”
အရိုးကြံ့ခိုင်ဆေးလုံးအား လဲယူမည်ဟု ချင်းရှင်းရည်ရွယ်ထားသော်လည်း မထင်မှတ်ထားပဲ ယနေ့မုန့်က အမှတ်ငါးမှတ်ပင် ရလိုက်လေသည်။
ချင်းရှင်း မျက်လုံးတို့ တောက်ပသွားမိသည်။ စနစ်ထဲမှ လဲယူထားသော နေကြာဆီဖြင့် လုပ်ထားသော ငရုတ်ဆီအနှစ်က မုန့်တန်ဖိုးအား ငါးမှတ်အထိပင် တိုးသွားစေလိမ့်မည်ဟု သူမ ထင်မထားမိချေ။
တစ်ချိန်တည်းမှာပင် လဲလှယ်နိုင်သော ပစ္စည်းစာရင်းတွင်လည်း နောက်တစ်ခုထပ်တိုးလာ၏။ ဂျုံမှုန့် ၂၀၀ဂရမ်အတွက် အမှတ် ၄မှတ်ဟူ၍။ 
ချင်းရှင်း ခဏလောက်တွေးကြည့်လိုက်သည်။ ဂျုံမှုန့် ၂၀၀ဂရမ်လောက်ဖြင့် ဘာမျှသိပ်လုပ်ရမည့်ပုံ မပေါ်သဖြင့် ဆီ ၁၀၀မီလီလီတာကိုသာ လဲလှယ်ယူလိုက်၏။ လဲလှယ်မှုပြီးသည်နှင့် စနစ်က ချက်ချင်းပင် သူမကို အပြင်ပြန်ထုတ်လိုက်လေသည်။ အမှတ်ငါးမှတ်ဆိုလျှင် ဆီ ၁၀၀မီလီ ၂ဘူး လဲရနိုင်သော်လည်း စနစ်က တစ်ကြိမ်လျှင် ပစ္စည်းတစ်ခုသာ လဲယူခွင့်ပြုခြင်းဖြစ်သည်။ 
ချင်းရှင်း စိတ်ပျက်လက်ပျက်ဖြင့် ဆီဘူးလေးကို သိမ်းလိုက်ပြီး စနစ်ပေါ်လာသော အချိန်ကိုလည်း ချမှတ်ထားလိုက်သည်။ ဤရောင်းဝယ်ရေးလွင်ပြင်စနစ် ပေါ်ပေါ်လာခြင်းနှင့် ပက်သက်ပြီး ချင်းရှင်း အခုချိန်အထိ အဖြေမရှာနိုင်သေးသဖြင့် ထိုစနစ် တစ်နေ့တစ်နေ့ ပေါ်လာတတ်သောအချိန်များကိုသာ သူမ သုံး၍ရလိုရငြား မှတ်ထားကြည့်နေခြင်းဖြစ်သည်။ ဤနည်းဖြင့်ပဲဖြစ်ဖြစ် အချက်အလက်တစ်ချို့တော့ ရှာကြည့်ရပေမည်။
ချင်းရှင်း အနားယူတော့မည့် အချိန်မှာပင် ကလေးမျက်နှာနှင့် ကျောင်းသူကောင်မလေးထံမှ စာဝင်လာ၏။
[ WaWa: ဟယ်လို မမ၊ သမီးအခုပဲ အိမ်စာလုပ်ပြီးလို့]
ထိုသို့ဖြစ်ရမည်ဟု ချင်းရှင်း တွေးထားပြီးဖြစ်သည်။ ဤသို့ဖြင့် နှစ်ဦးသား ခဏတဖြုတ်စကားပြောပြီးနောက် ချင်းရှင်း အိပ်ယာဝင်လိုက်ချေသည်။ 
သုံးရက်ဆက်တိုက် ရောင်းချပြီးနောက်၊ နံနက် ၉နာရီမတိုင်ခင် မုန့်အသစ်များ ထပ်ရောင်းလျှင်ကောင်းမလားဟု ချင်းရှင်း တွေးနေမိသည်။ ဤသုံးရက်ထဲတွင် စနစ်ထဲမှလည်း ဆီများသာ လဲယူထားသဖြင့် ယခုချင်းရှင်းလက်ထဲ၌ ဆီ ၄၀၀မီလီလီတာခန့် ရှိနေပြီဖြစ်သည်။ ရောင်းဝယ်ရေးစနစ်ထဲတွင်လည်း အမှတ် ၁၂မှတ် ကျန်နေသေး၏။ အမှတ်ဆယ်မှတ် ကျော်သွားချိန်တွင်တော့ စနစ်၏ လဲလှယ်လို့ရသည့် ပစ္စည်းစာရင်း၌ ပစ္စည်းအသစ်များ ထပ်တိုးမလာတော့ပေ။
ဈေးရောင်းပြီး အပြန်လမ်းတွင် ချင်းရှင်းတစ်ယောက် သုံးဘီးစက်ဘီးလေးကို စူပါမားကတ်ဆီ နင်းလာခဲ့၏။ နံနက်စာအသစ်အတွက် ဘာလုပ်ရမယ်မှန်း မသိသေးသဖြင့် စူပါမားကတ်ဆီသို့ အကြံရလိုရငြားလာခဲ့ခြင်း ဖြစ်သည်။ ပေါက်စီလုပ်ဖို့တော့ သူမ မတွေးထားပေ။ ပေါက်စီပေါင်းရန်က အချိန်အတော်ယူရသဖြင့် ကော်ပြန့်မုန့်လုပ်နေရချိန်တွင် ပေါက်စီပါပေါင်းနေဖို့ အချိန်မရှိချေ။
စူပါမားကတ်တစ်ခုလုံးအား သုံးခေါက်မျှ ပတ်လျှောက်ပြီးနောက် နံနက်စာမုန့်အတွက် သုံးနိုင်သော ပါဝင်ပစ္စည်းများကို သူမ သေချာလိုက်ကြည့်ဖြစ်ခဲ့၏။ ဤနေရာရှိ ပဲကြာဇံက တော်တော်လေး သန့်သဖြင့် ပဲကြာဇံ ၂၀ကက်တီနှင့် မုန်လာဥနီခြောက် တစ်ချို့အား ချင်းရှင်းဝယ်လိုက်လေသည်။ မုန်လာဥနီခြောက်များက သိပ်မလတ်ဆတ်သော်လည်း ဝယ်သူများကြိုက်လျှင် ကော်ပြန့်မုန့်ထဲသို့ ထည့်ရောင်းလို့ရလောက်သည်။
ထိုနှစ်ခုအပြင် ပဲပိစပ်အချို့လည်းဝယ်ခဲ့ပြီး အိမ်ရောက်မှ တစ်ခုခုလုပ်ကြည့်ရန် တွေးလိုက်၏။ ချဥ်စပ်ခေါက်ဆွဲထည့်စားနိုင်မည့် တစ်ခါသုံးပန်းကန်လုံးများလည်း တွေ့လိုက်ရသည်။ ထို့နောက် ရှာလကာရည်၊ ဆလပ်ရွက်၊ နံနံပင်၊ ကြက်သွန်မြိတ် စသည်တို့ကိုလည်း ဝယ်လာခဲ့လိုက်သည်။ ယခုသူ့လက်ထဲ၌ ငွေများများ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် မိုးခိုသား အများကြီးပါ ထပ်ဝယ်လိုက်ပြီး စူပါမားကတ်ထဲ၌ ယွမ် ၃၀၀ကျော် သုံးပစ်ခဲ့၏။ အဝယ်များသွားသဖြင့် အိမ်ပြန်လမ်း၌ စက်ဘီးနင်းရသည်မှာ တောင်ကြီးတစ်လုံးကို တင်နင်းလာခဲ့ရသလိုပင်။
အောက်ထပ်တွင် အလုပ်ရှုပ်နေသော မေ့ကုန်းချင်မှာ ချင်းရှင်းပြန်လာသည်ကို မြင်သည်နှင့် ပျော်ရွှင်စွာ လက်ဝှေ့ယမ်းပြလိုက်ပြီး “ကြည့်လိုက် အစ်မ မြေဆွေးတွေ အများကြီးပြင်ထားတာ။ ပြီးရင် တတိယထပ်က လသာဆောင်ဆီ ရွှေ့မလို့”
မြေဆီလွှာတစ်ပုံတစ်ခေါင်းကြီးကိုမြင်ပြီး ချင်းရှင်း မတွေးတတ်ဖြစ်သွားရသည်။
မေ့ကုန်းချင်ကပင် ဆက်၍ “ဆလပ်ရွက်တို့ တစ်ခြားအသီးအရွက်တွေတို့၊ ဟင်းခတ်အမွှေးအကြိုင်တွေတို့ ချက်ထားလိုက်မယ်ဆိုရင် ပိုက်ဆံချွေတာလို့ ရတာပေါ့” 
မေ့ကုန်းချင်က သူမအတွက် အပင်စိုက်ပေးချင်နေလိမ့်မည်ဟု ချင်းရှင်း ထင်မထားမိချေ။ သူမစိတ်တို့ လှုပ်ရှားသွားပြီး အချိန်အတော်ကြာသည်အထိ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတော့သည်။
မေ့ကုန်းချင်က ချင်းရှင်းအတွေးကို ခန့်မှန်းမိလိုက်ပြီး ဆက်ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ် အစ်မမှာလည်း လုပ်စရာသိပ်ရှိတာ မဟုတ်ဘူးလေ။ ပြီးတော့ ဟိုဖက်အိမ်က အဘွားဝမ့်ဆီကနေလည်း ဆလပ်ရွက်စိုက်ရတာ အရမ်းလွယ်တယ်ဆိုပြီး ကြားလို့။ မျိုးစေ့ကို မြေကြီးထဲ‌စိုက်ပြီး ရေပုံမှန်လောင်းပေးရုံပဲတဲ့။ ပြီးတော့ မိုးရွာရင်လည်း ရေလောင်းစရာမလိုဘူးလို့ပြောတယ်”

(Note: ငရုတ်ဆော့စ်ကို ငရုတ်ဆီအနှစ်လို့ ပြောင်းထားပါတယ်။ တရုတ် food vlog တွေမှာပါတတ်တဲ့ ငရုတ်သီးကို ဆီနဲ့ပြန်ချက်ထားတဲ့ အနှစ်ကိုပြောတာပါ)

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now