အပိုင်း(၈၉)
"ဘော့စ်၊ ဘယ်တော့ပြန်လာမှာလဲ"
လုယိမင်က ကုဝူယွီ အိမ်၌ မရှိလျှင် နတ်ဆိုးများနှင့် သရဲတစ္ဆေများအားလုံး ထွက်လာသည်ဟု ခံစားမိကာ အကူအညီမဲ့နေခဲ့သည်။
"ဒီမှာ စျေးကွက်ညှိနှိုင်းပြီးရင် သဘက်ခါ ပြန်လာမယ်။ ပြည်တွင်းက ပြဿနာတွေ ပြေလည်သွားရင်တော့ အဆင်ပြေသွားမှာပါ"
ကုဝူယွီက ဖုန်းချလိုက်ပြီး ကုအုပ်စု၏ ပြိုင်ဘက်များကို စတင်စုံစမ်းခဲ့သည်။
ပဲပိစပ်များကို အမြောက်အမြားဝယ်ယူ၍ သိမ်းဆည်းထားသူမှာ မည်သည့်ကုမ္ပဏီ ဖြစ်စေ ဤလုပ်ရပ်မှာ ဆိုးရွားသော လုပ်ရပ်တစ်ခု ဖြစ်သည်။
ချင်းရှင်းက ထိုအခြင်းအရာများကို မသိသော်လည်း ဆိုင်သို့ လာရောက်စားသုံးသူများက ချင်းရှင်းအား ထိုအကြောင်းများကို ပြောပြခဲ့သည်။
ထိုအခါမှ ချင်းရှင်းက Weibo ပေါ်မှ ကိစ္စများကို သိရှိသွားကာ ကုဝူယွီထံသို့ ဖုန်းဆက်လိုက်သည်။
သို့သော် ကုဝူယွီ၏ ဖုန်းက စက်ပိတ်ထားသောကြောင့် ချင်းရှင်းက လုယိမင်ထံသို့ ဆက်သွယ်ပြီး "ဘာပြဿနာရှိလို့လဲ" ဟုမေးမြန်းလိုက်သည်။
လုယိမင်က "နောက်မှ မစ္စချင်းရဲ့ဆိုင်ကို လာခဲ့မယ်" ဟုပြန်ဖြေလိုက်သည်။
ချင်းရှင်းက ဖုန်းချလိုက်ပြီး ထန်မန်ရင်းကို အရင်ပြန်သွားရန် ပြောလိုက်သည်။
ထို့နောက် နေ့လည်ပိုင်းတွင် စားသောက်ဆိုင်ကို ပိတ်ထားလိုက်သည်။
လုယိမင် ရောက်လာသောအခါ ချင်းရှင်းက လုယိမင်အတွက် ရေနွေးတစ်ခွက်ကို ကမ်းပေးလိုက်ရာ လုယိမင်က "အေးတာလေးရှိလား မစ္စချင်း" ဟုပြန်ပြောခဲ့သည်။
ထို့ကြောင့် ချင်းရှင်းက ဝိုင်ပုလင်းကို ထုတ်လာကာ "ဒါသောက်မလား" ဟုမေးလိုက်သည်။
ထိုအခါ လုယိမင်၏ မျက်လုံးများက တောက်ပလာပြီး "ကျေးဇူးတင်ပါတယ် မစ္စချင်း" ဟုပြောလိုက်သည်။
ချင်းရှင်း၏ တည်ငြိမ်သော အမူအယာကို လုယိမင်က မြင်လိုက်သောအခါ လုယိမင်က အံဩသွားခဲ့သည်။
ချင်းရှင်းကို နှစ်သိမ့်ပေးရမည်ဟု လုယိမင်က အစပိုင်းတွင် ထင်ခဲ့သည်။
သို့သော် ချင်ရှင်းက ထင်ထားသည်ထက် များစွာ သန်မာနေပုံ ရနေခဲ့သည်။
"ကျွန်တော်တို့ T မြို့နားက ခရိုင်တွေနဲ့ မြို့တွေကို သွားခဲ့တာတောင် ပဲပိစပ်တွေ လုံးဝ ဝယ်လို့မရခဲ့ဘူး"
"ကုအုပ်စုမှာ ပြိုင်ဘက်ရှိလား"
လုယိမင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ကုအုပ်စုက ဒီနှစ်မှ အစားအသောက် လုပ်ငန်းထဲကို ဝင်လာခဲ့တာပါ။ တခြား အစားအသောက် ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ရင် အစားအသောက်လုပ်ငန်းမှာ ကုအုပ်စုရဲ့ လက်ရှိအနေအထားက ဘာမှကို မဟုတ်သေးဘူး" ဟုပြောလိုက်သည်။
"ပြဿနာရှာတဲ့ အင်တာနက် နာမည်ကြီးက ဘယ်သူလဲ"
ရှန်းကျင်း အကြောင်းပြောသောအခါ လုယိမင်က အနည်းငယ် ဒေါသထွက်သွားပြီး "ကျွန်တော်တို့ကို အပုပ်ချဖို့ ဘယ်သူက ညွှန်ကြားထားမှန်းမသိဘူး။ စားနေတုန်းကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စားနေပြီးတော့ ခုမှ မကောင်းတဲ့ သတင်းကို တင်တာ" ဟုပြောလိုက်သည်။
"ကုအုပ်စုရဲ့ အိုင်တီဌာနကရော ရှာတွေ့ပြီလား"
ချင်းရှင်းက ခေါင်းညိတ်လိုက်ပြီး ယခု အင်တာနက်ပေါ်ရှိ အများသူငှာ၏ ထင်မြင်ယူဆချက်အရ သူမသည်သာ တရားခံ ဖြစ်မည်ဟု ထင်ကာ "ငရုတ်ဆီက ဘယ်လောက် ကျန်သေးလဲ" ဟုလုယိမင်အား မေးမြန်းလိုက်သည်။
"လဝက်လောက်တော့ ထိန်းနိုင်ဦးမယ်"
ကုဝူယွီက ပဲပိစပ်ကို ကိုယ်တိုင် စိုက်ပျိုးချင်သည် ဆိုသော်လည်း အပင်များက ချက်ခြင်း မကြီးလာနိုင်ပေ။
ချင်းရှင်းက စိတ်ထဲ၌ "ဒီနေ့ကစပြီး ပဲပိစပ်ကို စနစ်ထဲမှာ စပြီး စိုက်တော့မယ်" ဟူ၍ တွေးမိလိုက်သည်။
ပဲပိစပ်ကြီးထွားမှု စက်ဝန်းကား အပြင်ဘက်တွင် ခြောက်လ ကြာမြင့်နိုင်သော်လည်း စနစ်ထဲ၌ တစ်ညတည်းနှင့် ကြီးထွားနိုင်သည်။
နှစ်ယောက်သား စကားပြောနေစဉ်တွင် တံခါးခေါက်သံကြောင့် ချင်းရှင်းက ဖွင့်ကြည့်လိုက်ရာ ကုဝူယွီ
ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကုဝူယွီက လေယာဉ်ပေါ်မှ ဆင်းလာသောအခါ ချင်းရှင်း၏ missed call ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ကုဝူယွီက လေဆိပ်မှ ချင်းရှင်း၏ ဆိုင်သို့ အမြန်ပြေးလာခဲ့သည်။
အစပိုင်းတွင် ကုဝူယွီက ပြဿနာတက်သည့် ကိစ္စနှင့် ပတ်သက်၍ ချင်းရှင်း စိတ်ပူနေမည်ကို စိုးရိမ်နေသော်လည်း ချင်းရှင်း၏ တည်ငြိမ်သော မျက်နှာကို မြင်လိုက်ရသောအခါ စိတ်အေးသွားခဲ့သည်။
"ဘော့စ်၊ နောက်ဆုံးတော့ ပြန်လာပြီ!"
လုယိမင်က ကုဝူယွီကို တွေ့လိုက်ရသောအခါ အလွန်ပျော်သွားခဲ့သည်။
ကုဝူယွီက လုယိမင်ကို လျစ်လျူရှုပြီး ချင်းရှင်းဆီသို့ လျှောက်သွားကာ "စိတ်မပူနဲ့နော်၊ ကိုယ်ဒါကို ဖြေရှင်းပေးမယ်" ဟုပြောလိုက်သည်။
ချင်းရှင်းက ကုဝူယွီ၏ စွမ်းရည်ကို အကြွင်းမဲ့ ယုံကြည်ခဲ့သည်။
လုယိမင်က ဘေး၌ တိတ်တဆိတ်သာ ရပ်ကြည့်နေခဲ့သည်။
ကုဝူယွီက လုယိမင်ကို ကြည့်၍ "ကုမ္ပဏီကို အရင်ပြန်သွားကြမယ်" ဟုပြောလိုက်သည်။
ကုဝူယွီက ကားပေါ်၌ "ဌာနအသီးသီးက ခေါင်းဆောင်တွေကို ချက်ချင်းအကြောင်းကြားပြီး အရေးပေါ်အစည်းအဝေးလုပ်မယ်" ဟုပြောလိုက်သည်။
ထန်ရှီးလန်က ကုဝူယွီတို့ နှစ်ယောက်သား ထွက်သွားသည်နှင့် ချက်ချင်းပင် ရောက်လာခဲ့သည်။
ချင်းရှင်းက မီးဖိုချောင်ထဲတွင် အလုပ်များနေသည်ကို တွေ့လိုက်ရသဖြင့် "နင် အဆင်ပြေရဲ့လား" ဟုမေးမြန်းလိုက်သည်။
ချင်းရှင်းက ထန်ရှီးလန် Weibo ပေါ်မှ အကြောင်းအရာများကို မြင်ခဲ့ပြီ ဖြစ်ကြောင်း ခန့်မှန်းပြီး "စိတ်မပူပါနဲ့၊ ဒီကိစ္စကို မစ္စတာကုက ဖြေရှင်းပေးမှာပါ" ဟုပြောလိုက်သည်။
ချင်းရှင်း၏ တည်ငြိမ်သော အမူအယာကို မြင်လိုက်ရသောအခါ ထန်ရှီးလန်၏ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။
...
ညဘက်တွင် Weibo ပေါ်၌ အကြောင်းအရာ အသစ်တစ်ခု ပေါ်လာခဲ့သည်။
Weibo တွင် တွဲတင်ထားသည့် ဓာတ်ပုံက ရှင်းရှင်း စားသောက်ဆိုင် ပိတ်ထားသည့် ဓာတ်ပုံဖြစ်သည်။
[ရှင်းရှင်း စားသောက်ဆိုင်က ဘာလို့ ဒီလောက်ထိ
နာမည်ကြီးလာတာလဲဆိုတာ နားမလည်ဘူး။ လူတိုင်းက ထောက်ခံနေကြပေမယ့် ပြဿနာရှိနေတယ်လို့ ငါအမြဲခံစားရတယ်။ ခုကြည့်ပါလား ပြဿနာ ပေါ်လာပြီ]
[ရှင်းရှင်းရဲ့ နောက်မှာ နောက်ခံ ကြီးကြီးမားမား ရှိနေမယ်လို့ ထင်တယ်]
...
ထန်ရှီးလန်က ထိုမှတ်ချက်များကို မြင်လိုက်သောအခါ သက်ပြင်း တစ်ချက် ချလိုက်သည်။
အစပိုင်းတွင် ထန်ရှီးလန်က အနားယူတော့မည် ဖြစ်သော်လည်း Weibo ၌ ချင်းရှင်းဆိုင်ကို ပြစ်တင်ပြောဆိုထားသည့် အကောင့်ပေါင်းများစွာကို တွေ့လိုက်ရသည်။
[မကြာခင်က အရမ်းနာမည်ကြီးသွားတဲ့ ရှင်းရှင်း ဟော့ပေါ့ဆိုင်မှာ #ရှန်းကျင်းရဲ့ အစားအသောက်ကမ္ဘာ# သွားစားတာ အစာအဆိပ်သင့်ပြီး ဆေးရုံရောက်သွားခဲ့တယ်။ အခုဆို T မြို့မှာ အဲ့ဆိုင်က
ဟော့ပေါ့စားပြီး နေမကောင်းတဲ့သူတွေ အများကြီးရှိပေမယ့် Weibo မှာ အဲ့ဒါနဲ့ ပတ်သက်ပြီး ပို့စ်တင်ရင် အဖျက်ခံရတယ်။ အောက်မှာ ပို့စ်တင်ထားတဲ့ Screenshot တွေပါ တင်ထားတယ်]
ထန်ရှီးလန်က ထိုဓာတ်ပုံများကို နှိပ်ကြည့်လိုက်သောအခါ အများစုက ရှင်းရှင်း ဟော့ပေါ့စားပြီးသောအခါ ဗိုက်နာသည်ဟု ရေးသားထားကြသည်။ အချို့မှာ ဆေးရုံတက်ရသည်အထိ ဖြစ်ပြီး အချို့မှာ ဝမ်းလျှောကြသည်ဟု ဆိုထားကြသည်။
ထို့နောက် မှတ်ချက်များ၌ ကုအုပ်စုက ထိုသက်သေများကို ငွေပေး၍ ဖျက်ခိုင်းထားသည်ဟုပါ ပြောဆိုနေကြသေးသည်။
ထိုမှတ်ချက်များကြောင့် ထန်ရှီးလန်က ဒေါသထွက်လာခဲ့သည်။
မကြာခင်အချိန်အတွင်း အင်တာနက် အသုံးပြုသူများ ပိုများလာပြီး #ရှင်းရှင်းရဲ့ အစားအသောက်ကမ္ဘာ# နှင့် #ကုအုပ်စု# တို့မှာ ရှာဖွေမှု အများဆုံး ဖြစ်လာခဲ့သည်။
ထို့နောက် အချို့သောသူများက ၎င်းတို့၏ ထင်မြင်ချက်များကို စတင် ထုတ်ဖော် ရေးသားခဲ့ကြသည်။
[ကုအုပ်စုက စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ပရိသတ်တွေကို လှည့်စားဖို့ ကုမ္ပဏီအသေးတစ်ခုနဲ့ ပူးပေါင်းခဲ့တယ်။ ဒီနှစ်တွေအတွင်း ပရိသတ်တွေရဲ့ ပိုက်ဆံကို လိမ်စားရတာ အရမ်းကောင်းနေတယ် ထင်တယ်]
[လုပ်ငန်းကြီးလေ ရိုးသားမှု ရှိလေဖြစ်ရမယ်။ မဟုတ်ရင် မင်းတို့ ဒေဝါလီခံရပါစေလို့ ဆုတောင်းတယ်]
[ကုအုပ်စုပဲ ဖြစ်ဖြစ် ရှင်းရှင်းပဲ ဖြစ်ဖြစ် အရိုက်ခံသင့်တယ်]
ချင်းရှင်း၌ ပရိသတ်များစွာရှိသော်လည်း ဝေဖန်နေသော သူများ၏ အရေအတွက်ကို မယှဉ်နိုင်ခဲ့ပေ။
ထို့ကြောင့် ချင်းရှင်း၏ Weibo အောက်၌ အင်တာနက်အသုံးပြုသူ အများအပြားက ဝင်ရောက် ကျိန်ဆဲ နေခဲ့ကြသည်။
[အမှိုက်မ တောင်းပန်ဖို့ ထွက်လာခဲ့။ ပိုက်ဆံကို မရိုးသားတဲ့နည်းနဲ့ ရှာချင်နေတယ် ဟုတ်လား။ အခု ဘာမှတောင် ထွက်မပြောရဲတော့ဘူးလား]
[အမှား လုပ်ထားတာတောင် လိပ်တစ်ကောင်လို ပုန်းနေတာလား]
[ငါတို့ကို ရက်နည်းနည်းလောက်ဆို မေ့သွားမယ် ထင်နေတာ ဖြစ်မယ်။ အဲ့ဒါကြောင့် တစ်နေ့ကို တစ်ကြိမ် တော့ ဝင်ဆဲရမယ်]
!!.....!!
...…….................................
.........................................
အပိုင်း (၈၉) ပြီးပါပြီ။